ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားက ရန်ကုန်-ပြည်လမ်းပိုင်း၌ အမှတ်(၆၃)အဆန်၊ အမှတ်(၆၄)အစုန် စာပို့ရထားပြေးဆွဲမည်။ မန္တလေး-ကောလင်း လမ်းပိုင်း၌လည်း RBE (၂)တွဲပါ ရထားတွဲဆိုင်းဖြင့် မန္တလေး-ကောလင်း ခရီးစဉ်ပြေးဆွဲမည်

နေပြည်တော်၊ ဧပြီ ၂၃

         

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားသည် ရထားစီး ခရီးသွား မိဘပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ရန်ကုန်-ပြည်လမ်းပိုင်း၌ အမှတ်(၆၃)အဆန်၊ အမှတ်(၆၄) အစုန် စာပို့ရထား ခရီးစဉ်ကို ဧပြီလ ၂၄ ရက်နေ့မှ စတင်၍ ပြေးဆွဲပေးသွားမည်ဖြစ်ပါသည်။

ရန်ကုန်-ပြည်လမ်းပိုင်း၌ အမှတ်(၆၃) အဆန်၊ အမှတ်(၆၄)အစုန်စာပို့ရထားခရီးစဉ်ကို အဆန်တစ်ရက်၊ အစုန်တစ်ရက် ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ဧပြီလ(၂၄)ရက်နေ့တွင် အမှတ်(၆၃) အဆန် စာပို့ရထားသည် ရန်ကုန်ဘူတာကြီးမှ နံနက် ၆ နာရီ ၄၅ မိနစ်တွင် စတင်ထွက်ခွာမည်ဖြစ်ပြီး ပြည်ဘူတာသို့ ညနေ ၆ နာရီ ၄၅ မိနစ်တွင် ဆိုက်ရောက်မည်ဖြစ်ပါသည်။

အမှတ်(၆၄)အစုန် စာပို့ရထားသည်လည်း ဧပြီလ ၂၅ ရက်နေ့တွင် ပြည်ဘူတာမှ နံနက် ၆ နာရီတွင် ထွက်ခွာ၍ ရန်ကုန်ဘူတာသို့ ညနေ ၆ နာရီ ၃၀ မိနစ်တွင် ဆိုက်ရောက်မည် ဖြစ်ပြီး အစုန်/အဆန် ပြေးဆွဲပြီးတိုင်း တစ်ရက် ရပ်နားမည် ဖြစ်ပါသည်။

တွဲဆိုင်း ဖွဲ့ဆင်မှုအနေဖြင့် စက်ခေါင်း(၁)၊ အထက်တန်း(၁)တွဲ၊ ရိုးရိုးတန်း(၃)တွဲ၊ ဘရိတ်တွဲ(၁) တွဲ၊ လပ်ဂိတ်တွဲ(၁)တွဲ၊ ပါဆယ်တွဲ(၁)တွဲ စုစုပေါင်း(၈)တွဲဖြင့် ချိတ်ဆက် ပြေးဆွဲပေးသွားမည် ဖြစ်ပါသည်။

ရန်ကုန်-ပြည် လမ်းပိုင်းတစ်လျှောက်ရှိ  ဘူတာစဉ်များ၌လည်း ရပ်တန့်ပေးသွားမည်ဖြစ်ပြီး ရထားဖြင့် လိုက်ပါ စီးနင်းလိုသော ခရီးသွား မိဘပြည်သူများအနေဖြင့် လုံခြုံစိတ်ချစွာ စီးနင်းနိုင်မည်ဖြစ်ပါသည်။

ထို့အပြင် မန္တလေး-ကောလင်း လမ်းပိုင်း၌လည်း RBE (၂)တွဲပါ ရထားတွဲဆိုင်းဖြင့် ဧပြီ ၂၆ ရက်နေ့မှစတင်၍ မန္တလေး-ကောလင်း ခရီးစဉ်အဖြစ် စတင်ပြေးဆွဲပေးသွားမည် ဖြစ်ပါသည်။

 

မြန်မာ့မီးရထား