ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ လက်အောက်ဌာနများရှိ သင်္ဘောကျင်းနေရာများကို ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ကြည့်ရှုစစ်ဆေး

၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၅) ရက်

          ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း သည် ဝန်ကြီးဌာနမှတာဝန်ရှိသူများလိုက်ပါ၍ ဇွန်လ(၂၄)ရက်နေ့တွင်  ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ရှိ ဒဂုံဆိပ်ကမ်းသင်္ဘောကျင်း၊ ဒေါပုံသင်္ဘောကျင်း၊ စက်ဆန်းသင်္ဘောကျင်း၊ သိမ်ဖြူသင်္ဘောကျင်း၊ ဒလသင်္ဘောကျင်းနှင့် အံ့ကြီးသင်္ဘောကျင်း နေရာများတို့ကို သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ပါသည်၊

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် (၀၈၀၀) နာရီအချိန်တွင် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး လက်အောက်ရှိ ဒဂုံဆိပ်ကမ်းသင်္ဘောကျင်း၏ “ဧရာ”ခန်းမသို့ ရောက်ရှိပြီး ဒဂုံဆိပ်ကမ်း သင်္ဘောကျင်းမှ အရာထမ်း၊ အမှုထမ်းများဖြင့် တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံချိန်တွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအောက်ရှိ စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းများ ဖြစ်သည်နှင့်အညီ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အမြတ်အစွန်းများ ရရှိရေး၊ လုပ်ငန်းများ အောင်မြင်စေရေး နည်းလမ်းရှာ၍ ကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အသုံးစရိတ်များကိုလည်း လျှော့ချ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေး ကင်းရှင်းစွာဖြင့် ဝန်ထမ်း စည်းကမ်းများကို လိုက်နာ ဆောင်ရွက် ရမည် ဖြစ်ကြောင်း၊ အရေးပေါ်ကာလအတွင်း အခက်အခဲ အကြပ်အတည်းများ တွေ့ကြုံချိန်များတွင် တာဝန်ကျေပွန်စွာ ဆောင်ရွက်ပေးခဲ့သည့် ဝန်ထမ်းများကို အသိအမှတ် ပြုပါကြောင်း၊ COVID-19 ကာလအတွင်း ရောဂါကူးစက်ပြန့်ပွားမှု များပြား နေခြင်းကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကျန်းမာရေးဆိုင်ရာ စည်းကမ်းများအတိုင်း တိကျစွာ လိုက်နာ ဆောင်ရွက်ကြရန် လိုအပ်ကြောင်းနှင့် မိမိလုပ်ငန်းနေရာများ လုံခြုံမှုရှိစေရေး အတွက်လည်း  လုံခြုံရေးတာဝန်ကျ ဝန်ထမ်းများက စနစ်တကျ စစ်ဆေး စောင့်ကြပ်ရန် လိုအပ်ကြောင်း လမ်းညွှန် မှာကြားခဲ့ပါသည်။

          ထို့နောက် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ တာဝန်ရှိသူက ဒဂုံဆိပ်ကမ်းသင်္ဘောကျင်းနှင့် ဒလသင်္ဘောကျင်း၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တာဝန်ရှိသူက သိမ်ဖြူသင်္ဘောကျင်း၊ စက်ဆန်း သင်္ဘောကျင်းနှင့် အံ့ကြီးသင်္ဘောကျင်း၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူက ဒေါပုံသင်္ဘောကျင်း၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူက ဌာနပိုင် ရေစိုလွန်းကျင်း(Mud Dock)တို့၏ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှုများအား ရှင်းလင်း တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဒဂုံဆိပ်ကမ်းသင်္ဘောကျင်း ဝင်းအတွင်း တန် ၁၅၀၀ တွဲရေယာဉ်သစ်(၂)စင်း တည်ဆောက်နေမှုများ၊ လွန်းကျင်းများကို လှည့်လည် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာရာ (၁၁၃၀) အချိန်တွင် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အောက်ရှိ ဒေါပုံသင်္ဘောကျင်းသို့ ရောက်ရှိရာ တာဝန်ရှိသူက ဒေါပုံသင်္ဘောကျင်း၏ တည်နေရာနှင့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ရှင်းလင်း တင်ပြပြီး ဝင်းအတွင်း လိုက်လံ ပြသ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် အောက်ရှိ စက်ဆန်း သင်္ဘောကျင်းအား (၁၂၁၅)နာရီ ရောက်ရှိရာ တာဝန်ရှိသူက သင်္ဘောကျင်းနှင့် သက်ဆိုင်သည့် အချက်အလက်များကို တင်ပြပြီး၊ ဝင်းအတွင်း ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းပြသခဲ့မှု အပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ပါသည်။  ထို့နောက် စက်ဆန်း (မေတ္တာမွန်)ဝင်းအတွင်းရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ဝန်ထမ်းအိမ်ရာနှင့် ဆက်စပ် အဆောက်အဦများ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား မော်တော်ယာဉ်များဖြင့် လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ သိမ်ဖြူသင်္ဘောကျင်းအား (၁၃၀၀) နာရီ ရောက်ရှိချိန်တွင် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး သင်္ဘောကျင်း၏ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်း တင်ပြခဲ့ပြီး ဝင်းအတွင်း လိုက်လံ ရှင်းလင်း ပြသရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် (၁၃၃၅)နာရီ အချိန်တွင် ကျန်းမာရေးဆိပ်ကမ်း သို့ ရောက်ရှိပြီး ရေယာဉ်ဖြင့် ထွက်ခွာရာ ဒလသင်္ဘောကျင်းဆိပ်ကမ်းသို့ (၁၃၅၅)နာရီ ရောက်ရှိခဲ့ ပါသည်။ ရောက်ရှိချိန်တွင် တာဝန်ရှိသူက ဒလသင်္ဘောကျင်းနှင့် ပတ်သက်သည့် အချက်အလက်များ ကို ရှင်းလင်း တင်ပြပြီး လွန်းကျင်းများ၊ ရုံးအဆောက်အဦများ၊ ရေယာဉ်များ လွန်းကျင်းတင် တည် ဆောက်နေမှုများအား လိုက်လံ ရှင်းလင်း ပြသခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် (၁၄၂၅)နာရီတွင် ရေယာဉ်ဖြင့် ဒလသင်္ဘောကျင်းဆိပ်ကမ်းမှ ပြန်လည်ထွက်ခွာခဲ့ပြီး အံ့ကြီးသင်္ဘောကျင်း လွန်းတင်နေရာများကို ရေယာဉ်ဖြင့် ကြည့်ရှုခဲ့ပါသည်။ ထို့နောက် ကျန်းမာရေးဆိပ်ကမ်းသို့ (၁၄၅၀)အချိန်တွင် ပြန်လည် ရောက်ရှိခဲ့ကြောင်း သတင်းရရှိရပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန