ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ လက်အောက်ရှိဌာနများကို ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးတင်အောင်စန်းကြည့်ရှုစစ်ဆေး

၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၃) ရက်

          ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးတင်အောင်စန်း သည် ဝန်ကြီးဌာနမှ တာဝန်ရှိသူများလိုက်ပါ၍ ဇွန်လ(၂၂)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့၊ မြစ်ကမ်းထိန်းသိမ်းရေးလုပ်ငန်းနေရာ၊ ဗိုလ်မြတ်ထွန်းတံတားရေလမ်းကောင်းမွန်ရေး လုပ်ငန်းနေရာ၊ ဟင်္သာတမြို့နယ်၊ ဖောင်ဆိပ်ရေလမ်းကောင်းမွန်ရေးလုပ်ငန်းနေရာနှင့် ဟင်္သာတဘူတာ တို့ကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်(၀၇၀၀)နာရီအချိန်တွင် မော်တော်ယာဉ်များဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့၊ မြစ်ကမ်းထိန်းသိမ်းရေးလုပ်ငန်းနေရာသို့ ရောက်ရှိရာ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကြိုဆိုခဲ့ပါသည်။ ရှင်းလင်းဆောင်တွင် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ်ကညောင်တုန်းမြို့ မြစ်ကမ်းထိန်းသိမ်းရေးလုပ်ငန်းတည်နေရာ၊ ညောင်တုန်းမြို့ မြစ်ကမ်းပါးမြေသားများ၏ နှစ်စဉ်မြေတွင်း အောင်းရေ စိမ့်ထွက်မှု များပြားခြင်း၊ နှစ်စဉ်နီးပါးမြေသား အိကျမှုဖြစ်ပေါ်ရခြင်းများ၊ ၁၉၉၇-၁၉၉၈ ခု၊ ဘဏ္ဍာရေးနှစ်မှစတင်၍ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ခဲ့ရမှုများ၊ နှစ်အလိုက်ဘဏ္ဍာငွေရရှိမှု အပေါ်မူတည်၍ ကမ်းထိန်းလုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သိလိုသည်များကို မေးမြန်း၍လိုအပ်သည်များကို လမ်းညွှန်ခဲ့ပါသည်။ ထို့နောက် မြစ်ကမ်းထိန်းသိမ်းရေး လုပ်ငန်းဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

            ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၁)၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့်အတူ မော်တော်ယာဉ်များဖြင့်ဆက်လက်ထွက်ခွာရာ(၀၈၀၀)နာရီအချိန်ဗိုလ်မြတ်ထွန်း တံတားရေလမ်းကောင်းမွန်ရေး လုပ်ငန်းနေရာသို့ ရောက်ရှိရာ တာဝန်ရှိသူများက ဗိုလ်မြတ်ထွန်းတံတား တည်နေရာ၊ ၁၉၉၇ ခုနှစ်၊ ဗိုလ်မြတ်ထွန်း တံတားဖွင့်လှစ်ပြီးနောက် ကြိမ်ပင်ဆည်ဘက် ကမ်းပါးတစ်လျှောက်နှစ်စဉ်နီးပါး ကမ်းပါးအိကျမှုများရှိ၍ ကမ်းထိန်းလုပ်ငန်းများစတင်ဆောင်ရွက်ခဲ့ရမှု၊ ၂၀၀၂ ခုနှစ်တွင်ရေစီးကြောင်းမှာတံတား၏ရေလယ်တိုင်(P17)ဘက်သို့ ဦးတည်စီးဆင်းခဲ့သဖြင့် ရေကြောင်း ပြောင်းလဲရေး အစီအမံများ ဆောင်ရွက်ခဲ့ရမှု၊ ၂၀၀၂ ခုနှစ်မှ စတင်၍ ဗိုလ်မြတ်ထွန်းတံတားရေလမ်းကြောင်း ကောင်းမွန်ရေးနှင့် တံတားကမ်းထိန်းလုပ်ငန်းများဆောင်ရွက်ခဲ့ရမှုများနှင့် ဆက်လက် ဆောင်ရွက်နေမှု များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ပါသည်။ ထို့နောက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ညောင်တုန်း တံတားအောက်ရေလမ်း ကောင်းမွန်ရေးလုပ်ငန်း ဆောင်ရွက်ထားမှုအခြေအနေအား ကြည့်ရှု စစ်ဆေးစဉ် တာဝန်ရှိသူများက ရှင်းလင်းပြသခဲ့ရာ တံတားကြီး ရေရှည် ခိုင်ခံ့စေရေး ကမ်းပြို ကာကွယ်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ်စစ်ဆေး၍ ဆောင်ရွက်ပေးရန်လိုကြောင်းနှင့် လိုအပ်သည်များကို ပြည်ထောင်စုဝန်ကြီးက လမ်းညွှန်မှာကြားခဲ့ပါသည်။

            ထို့နောက် မော်တော်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာရာ ဟင်္သာတမြို့နယ် ဖောင်ဆိပ်ကျေးရွာ ဧရာဝတီမြစ်ကမ်းထိန်းလုပ်ငန်းနေရာသို့ (၁၀၅၀)နာရီအချိန်တွင် ရောက်ရှိရာ တာဝန်ရှိသူများက ကြိုဆိုခဲ့ပြီး၊ ရှင်းလင်းဆောင်တွင် တာဝန်ရှိသူက ဖောင်ဆိပ်ကျေးရွာအနီး ၂၀၂၀ ခုနှစ်၊ ဇွန်လနှင့် နိုဝင်ဘာလအတွင်း ဧရာဝတီမြစ်ကြောင်းပြောင်းလဲလာမှုကြောင့် ဖောင်ဆိပ်ကျေးရွာနှင့် တာငုတ်ကျေးရွာကြား ဦးမိုးလေး တာ အပါအဝင် ရေနက်ကြောင်း ချဉ်းကပ်၍ စိုက်ပျိုးမြေဧက(၁၀၀)ကျော် ရေတိုက်စားခံရမှုကြောင့် ဖောင်ဆိပ်ရေလမ်း ကောင်းမွန်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ မြစ်အတွင်းသောင်တူးခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ ရေလမ်းကြောင်းကောင်းမွန်ရေး ဖြတ်မြောင်းတူးဖော်မည့် အစီအမံများကို ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက သိလိုသည်များကို မေးမြန်း၍ လိုအပ်သည်များ လမ်းညွှန်မှာကြား ပါသည်။

            ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် (၁၁၄၀)အချိန်တွင် ဟင်္သာတဘူတာသို့ ရောက်ရှိရာ တာဝန်ရှိ သူများက ကြိုဆိုခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးသည် ဟင်္သာတဘူတာတွင် ဝန်ကြီးဌာနလက်အောက်ရှိ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ မြန်မာ့မီးရထား၊ ကုန်းလမ်းပို့ဆောင်ရေး၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် မြန်မာ့စာတိုက် လုပ်ငန်းတို့မှ အရာထမ်း၊ အမှုထမ်းများဖြင့် တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံချိန်တွင် ပြည်ထောင်စုဝန်ကြီးက ဌာနများမှ အရာထမ်း၊ အမှုထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်း ပီသစွာ လုပ်ငန်းတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရေး၊ ဝန်ကြီးဌာနသည် ပြည်သူများ၏သွားလာမှုအဆင်ပြေစေရေးနှင့် နိုင်ငံအခွန်ဘဏ္ဍာရရှိရေးတို့ကို ဆောင်ရွက်ပေးနေရသည့် အဖွဲ့အစည်းများဖြစ်၍ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်မြင့်မားစွာဖြင့် မိမိလုပ်ငန်းတာဝန်များ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရန်နှင့် ဌာန အကြီးအကဲများအနေဖြင့်လည်း ဝန်ထမ်းများ၏ လိုအပ်ချက် အခက်အခဲများအပေါ် ဖြေရှင်းဆောင်ရွက် ပေးသွားရန် လမ်းညွှန်မှာကြားခဲ့ပြီး ဌာနများမှ အရာထမ်း၊ အမှုထမ်းများအား စားသောက်ဖွယ်ရာများ‌ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

            ထို့နောက် မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာ (မြို့ပြ)က ဧရာဝတီမြစ် အရှေ့ဘက်နှင့်အနောက်ဘက်ခြမ်းရှိ ရထားလမ်းများ ဖောက်လုပ်ထားမှုအခြေအနေများကို ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ လမ်းညွှန်မှာကြား၍ ဟင်္သာတဘူတာအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာတွင် ရထားလမ်းများ စံချိန်စံညွှန်းများနှင့်အညီ ပြုပြင် ဆောင်ရွက်ရန်၊ ဟင်္သာတဘူတာသည် ၁၉၀၇ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ကြောင်း သိရှိရ၍ ရှေးမူမပျက်ထိန်းသိမ်း စောင့်ရှောက်ရန်၊ ဘူတာအတွင်းရှိ ခရီးသည်ထိုင်ခုံများ ခိုင်ခံ့မှုရှိစေရေးနှင့် ရေရှည်အသုံးပြုနိုင်ရေး ဆောင်ရွက်ပေးကြရန်၊ ဘူတာသန့်ရှင်းရေးအတွက် အမှိုက်စွန့်ပစ်ခြင်းများ စနစ်တကျ ရှိစေရေး ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန