ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ရန်ကုန်မြို့ရှိ ဌာနများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ဝန်ကြီးဌာနမှ တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ မြန်မာ့စာတိုက်လုပ်ငန်း၏ စာရွေးစာပို့ စခန်း(ရန်ကုန်)၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ Call Center၊ မင်္ဂလာဒုံမြို့နယ်ရှိ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ရုံးချုပ်နှင့် မြန်မာအမျိုးသားလေကြောင်း ရုံးချုပ်တို့သို့ သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် နံနက်ပိုင်းတွင် ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ မရမ်းကုန်းမြို့နယ်၊ (၈)မိုင်လမ်းဆုံရှိ မြန်မာ့စာတိုက်လုပ်ငန်း စာရွေးစာပို့စခန်း(ရန်ကုန်)သို့ ရောက်ရှိလာရာ ဌာနမှ တာဝန်ရှိသူများနှင့်  ဝန်ထမ်းများက ကြိုဆိုကြပါသည်။ ၎င်းတွင် မြန်မာ့စာတိုက်လုပ်ငန်းမှ အထွေထွေမန်နေဂျာက စာရွေးစာပို့စခန်း(ရန်ကုန်) အဆောက်အဦသစ် ဆောက်လုပ်ပြီးစီးမှု အခြေအနေ၊ ပြည်တွင်းပြည်ပ စာပို့စာရွေး လုပ်ငန်းများ ပိုမိုထိရောက် တွင်ကျယ်စွာ တိုးချဲ့ဆောင်ရွက်နေသည့် အစီအစဉ်များကို ရှင်းလင်းတင်ပြရာတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံ၏ စာပို့လုပ်ငန်း ကွန်ရက်အတွင်း လုပ်ငန်း ပိုမိုထိရောက် အောင်မြင်ရေးအတွက် ယခုလို အခြေခံအဆောက်အဦများကို ရန်ကုန်နှင့် မန္တလေးမြို့ကြီးများအပြင် အခြားဒေသများ၌ပါ လိုအပ်ချက် အခြေအနေများကို သုံးသပ်၍ ဆောက်လုပ်နိုင်ရေး Master Plan ရေးဆွဲ လျာထား ဆောင်ရွက်ထားရှိရေး၊ ယခုအဆောက်အဦ၏ တည်နေရာ အချက်အချာကျမှု အနေအထားအရ လုပ်ငန်းစဉ်များကို အထိရောက်ဆုံး အကျိုးရှိအောင် စီမံဆောင်ရွက်နိုင်‌ရေး၊ အဆောက်အဦ ရေရှည် တည်တံ့ခိုင်ခံ့စေရေး၊ လိုအပ်သည့် လုံခြုံရေးနှင့် မီးဘေးကာကွယ်ရေးဆိုင်ရာ ကိရိယာ ပစ္စည်းများ စနစ်တကျ တပ်ဆင် အသုံးပြုရေးနှင့် အရေးပေါ်အခြေအနေဖြစ်ပေါ်လာပါက စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်လေ့ကျင့် ဆောင်ရွက်သွားရန်တို့ကို မှာကြားခဲ့ပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးက အဆောက်အဦသစ်၌ လုပ်ငန်းဆောင်ရွက်နေကြသည့် စာရွေးစာပို့ လုပ်ငန်းစဉ်များကို လိုက်လံကြည့်ရှု့အားပေးပြီးနောက် ဝန်ထမ်းများအား စားသောက်ဖွယ်ရာ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ Call Center အဆောက်အဦသို့ ရောက်ရှိလာရာ ဌာနမှ ဝန်ထမ်းများက ကြိုဆိုကြပါသည်။ အစည်း အဝေးခန်းမတွင် တာဝန်ရှိသူများက ဌာန၏ဖွဲ့စည်းပုံနှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ တပ်ဆင်ထားသည့် စက်ပစ္စည်းများ၏ အခြေအနေများ၊ ဝန်ဆောင်မှုလုပ်ငန်း၏ အခြေအနေများကို ရှင်းလင်းတင်ပြကြပြီးနောက် ပြည်ထောင်စုဝန်ကြီးက ဌာနဝန်ထမ်းများအနေဖြင့် သုံးစွဲသူများ၏ လိုအပ်ချက် အခက်အခဲများကို သိရှိရမည်ဖြစ်ပြီး နွေးထွေးပျူငှာစွာဖြင့် ပြည်သူလူထုနှင့် Public Relation ကောင်းမွန်စေရေး၊ အသုံးပြုနေသည့် စက်ပစ္စည်း Equipment များအား ပုံမှန်စစ်ဆေး၍ လိုအပ်သည့် အရန်ပစ္စည်းများ အဆင်သင့်ရှိနေရေး၊ အဆောက်အဦ၊ ဝန်ထမ်းနှင့် စာရွက်စာတမ်းများ လုံခြုံရေးကို အလေးအနက်ထားရေး၊ ဝန်ထမ်းများ လုပ်ငန်းကျွမ်းကျင်မှု တိုးတက်အောင် လေ့ကျင့်ပေးရေး၊ ယနေ့ကာလတွင် မိုဘိုင်းတယ်လီဖုန်းစနစ်ကို တွင်ကျယ်စွာ အသုံးပြုလျက်ရှိကြပြီ ဖြစ်သော်လည်း အော်တိုတယ်လီဖုန်းစနစ် ကောင်းမွန်စွာ အသုံးပြုနိုင်ရေး အတွက်လည်း ဝန်ဆောင်မှုကောင်းများ ပေးရေးတို့ကို မှာကြားပြီးနောက် Call Center ခန်းများ၌ ဝန်ထမ်းများ တာဝန်ထမ်းဆောင်နေမှု၊ ဌာန၏ ဆက်သွယ်ရေးဆက်ကြောင်းများ စောင့်ကြည့် ထိန်းသိမ်းနေမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးပါသည်။ ၎င်းနောက် ဝန်ထမ်းများအား စားသောက်ဖွယ်ရာ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နေ့လယ်ပိုင်းတွင် မင်္ဂလာဒုံမြို့နယ်ရှိ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ရုံးချုပ်)သို့ ရောက်ရှိရာ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ကြိုဆိုကြပါသည်။ ဌာန၏ အစည်းအဝေးခန်းမတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများနှင့် တွေ့ဆုံ အမှာစကားပြောကြားရာတွင် လေကြောင်းပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းများကို သတ်မှတ် စံချိန်စံညွှန်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြပ်မတ်ကွပ်ကဲ ဆောင်ရွက်နေသည့် ဌာနတစ်ခုဖြစ်ရာ လေကြောင်းလိုင်းများ၊ လေယာဉ်ကွင်းများနှင့် လေကြောင်းဖြင့် ခရီးသွားပြည်သူများ၏ ဘေးကင်းလုံခြုံမှုရှိစေရေး အလေးထား ဆောင်ရွက်ရန် လိုကြောင်း၊ အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် နယ်လေဆိပ်များအားလုံး၏ လေဆိပ်အဆောက်အဦ၊ လေယာဉ် ပြေးလမ်းနှင့် လေယာဉ်ကွင်းဧရိယာများကို သန့်ရှင်း သပ်ရပ်မှုရှိအောင် စီစဉ်ထားရှိ၍ တာဝန်ရှိသူ အဆင့်ဆင့်က ကြပ်မတ် ဆောင်ရွက်သွားရန် အလေးထားမှာကြားလိုကြောင်း၊ နိုင်ငံတကာတွင် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုများ ကျဆင်းလာသည်နှင့်အမျှ လေကြောင်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင် ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းစဉ်များအား ဖြေလျှော့ပေးလျက်ရှိရာ ပြည်တွင်းပြည်ပ ခရီးသွားလာမှုများ တဖြည်းဖြည်းပြန်လည်များပြားလာပြီး ခရီးသွားများ အဆင်ပြေ ချောမွေ့စွာ သွားလာနိုင်ရေးအတွက် လေဆိပ်ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသော ကုမ္ပဏီများ၊   မြေပြင်ဝန်ဆောင်မှု ဆောင်ရွက်သည့် အဖွဲ့များအား SOP(Standard Operation Producer) များနှင့်အညီ လိုက်နာဆောင်ရွက်ရေး အလေးထားကြပ်မတ် ဆောင်ရွက်သွားရန်၊ ဌာနရှိ အရာထမ်း၊ အမှုထမ်းများ အနေဖြင့်  မိမိတွင်ရှိသည့် လုပ်ငန်းအတွေ့အကြုံ၊ လုပ်ငန်း ကျွမ်းကျင်မှုများ ကို အသုံးချပြီး ပြဋ္ဌာန်းထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဌာန၏ ရည်မှန်းချက် တာဝန်များကို ပြည့်မီအောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ မြန်မာအမျိုးသားလေကြောင်းရုံးချုပ်သို့ ရောက်ရှိရာ မြန်မာအမျိုးသားလေကြောင်း Board of Directors(BOD) အဖွဲ့ဥက္ကဋ္ဌ၊ အမှုဆောင် အရာရှိချုပ်နှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ပါသည်။ အစည်းအဝေးခန်းမတွင် Board of Directors(BOD) အဖွဲ့ဝင်များက မြန်မာအမျိုးသားလေကြောင်း၏ အနာဂတ် ရေရှည်ဖွံ့ဖြိုး အောင်မြင်ရေးအတွက် လက်ရှိဆောင်ရွက်နေမှုများ၊ ဆက်လက် အကောင်အထည်ဖော်သွားမည့် အစီအမံများကို တင်ပြကြပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်သည့် မြန်မာအမျိုးသားလေကြောင်းအနေဖြင့် ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းများနှင့် တန်းတူ ယှဉ်ပြိုင်နိုင်ရေး ဈေးကွက် အခြေအနေအား အမြဲတမ်းလေ့လာ သုံးသပ်ပြီး မိမိလေကြောင်းလိုင်း အစဉ်ဖွံ့ဖြိုး တိုးတက်နေအောင် ကြိုးပမ်းရန် လိုအပ်ကြောင်း၊ ကိုဗစ် ၁၉ ကပ်ရောဂါကာလတွင် လေကြောင်းလိုင်းများ အခက်အခဲများစွာ ကြုံတွေ့ရပြီး ထိခိုက် နစ်နာမှုများကို ကြိုးပမ်းရင်ဆိုင် ကျော်လွှားနိုင်ခဲ့ကြောင်း၊ ယခုအခါ လေကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ပြန်လည် ဖွံ့ဖြိုးလာပြီဖြစ်သည့်အတွက် အနာဂတ် ကာလတွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ရေတို ရေရှည် အစီအမံများ စနစ်တကျ ရေးဆွဲ ချမှတ် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ထို့အပြင် ဝင်ငွေ တိုးတက်ရရှိစေရေး ပြည်တွင်းပြည်ပ ခရီးစဉ်များ တိုးချဲ့ ပျံသန်းခြင်း၊ လေယာဉ် မြေပြင်ဝန်ဆောင်မှုလုပ်ငန်းနှင့် ATR လေယာဉ် အကြီးစား ပြင်ဆင်ရေးအလုပ်ရုံ လုပ်ငန်းအတွက် ဈေးကွက်ရှာဖွေဆောင်ရွက်ခြင်း၊ အခြားလေကြောင်းလိုင်းနှင့် ဆက်စပ်သည့် စီးပွားရေး လုပ်ငန်းများ ရှာဖွေဆောင်ရွက်ခြင်း စသည့် လုပ်ငန်းများကို အောင်မြင်အောင် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊  ထို့အပြင် လေကြောင်းလိုင်း အသုံးစရိတ်များကို စိစစ်၍ လျှော့ချပြီး ဝင်ငွေတိုးတက်ရရှိအောင် အစဉ်မပြတ် သုံးသပ်ဆောင်ရွက် သွားကြရန် လိုကြောင်း တို့ကို လမ်းညွှန်မှာကြားပြီး ဝန်ထမ်းများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန