ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန (၂၀၂၂)ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်နှင့် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ

နေပြည်တော် (၆-၆-၂၀၂၂)

          ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက်(၇)နာရီတွင် မြန်မာ့မီးရထား၊ နေပြည်တော်ဘူတာကြီး အနီးရှိ မြေကွက်လပ်တွင် ကျင်းပ ပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် ဇနီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ၎င်းတို့၏ ဇနီးများ၊ မြန်မာ့ မီးရထားက အရာထမ်း၊ အမှုထမ်းများ တက်ရောက် ကြပါသည်။

          အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားရာ၌  ကမ္ဘာပေါ်တွင် သစ်ပင် သစ်တောများသည် လူသားများအတွက် မြေဆီလွှာနှင့် ရေကို ထိန်းသိမ်းပေးခြင်းကြောင့် သောက်သုံးရေများကို လူသားများ ရယူ သုံးစွဲနိုင်သကဲ့သို့ပင်  အောက်ဆီဂျင်ကို ထုတ်ပေးရုံသာမက ရာသီဥတုကိုလည်း  ထိန်းညှိပေးကြောင်း၊ သစ်တော သစ်ပင်များ ထိန်းသိမ်းခြင်းသည် ဂေဟစနစ် ပြန်လည် ကောင်းမွန် ရှင်သန်ရေးနှင့် လူသန်းပေါင်းများစွာ၏ လိုအပ်သော အစားအစာများ၊ အသုံးအဆောင်များ၊ သစ်တောထွက် ပစ္စည်းအမျိုးမျိုး စသည်တို့ကို ထောက်ပံ့ပေးနိုင်ခြင်း၊ ရာသီဥတု ပြောင်းလဲမှုကိုလည်း ထိန်းညှိပေးနိုင်ခြင်း၊ သဘာဝဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်ခြင်း၊ မရှိမဖြစ်သည့် ရေနှင့် လေကို သန့်စင်ပေးနိုင်ခြင်း စသည့် များစွာသော အကျိုးကျေးဇူးများကို ရရှိပါကြောင်း၊  ထို့ကြောင့် နှစ်စဉ် မိုးရာသီ သစ်ပင်စိုက်ပျိုးသည့် အစဉ်အလာကို ရေရှည်ထိန်းသိမ်း ဆောင်ရွက်သွားနိုင်ရေး လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

          ၎င်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသူအားလုံးက ရတနာတန်းဝင် ကျွန်းပင်(၃၀၀)၊ ပိတောက်ပင်(၃၀၀)နှင့် မယ်ဇလီပင်(၃၀၀) စုစုပေါင်း အပင်ရေ(၉၀၀)တို့အား အသီးသီး စိုက်ပျိုးခဲ့ကြပြီး  ဝန်ထမ်းများ၏ သစ်ပင် စိုက်ပျိုးနေမှုများကို ပြည်ထောင်စုဝန်ကြီးက လိုက်လံကြည့်ရှု အားပေးခဲ့ပါသည်။

          ယနေ့ဝန်ကြီးဌာန၏ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပချိန်တွင် ဝန်ကြီးဌာနလက်အောက်ဌာန အဖွဲ့အစည်းများ၏ ရုံးချုပ်များနှင့် ဒေသအနှံ့ရှိ ရုံးဌာနများအားလုံးတွင်လည်း တစ်ချိန်တည်း တစ်ပြိုင် တည်း သစ်ပင်စိုက်ပျိုးပွဲတော်ကို ဆင်နွဲကြလျက် ရတနာတန်းဝင်အပင်များ၊ အရိပ်ရ လေကာပင်များ၊ သီးပင် စားပင်များ စုစုပေါင်း (၁၆၈၀၀)ပင်တို့ကို စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရှိရပါသည်။

          ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နေပြည်တော်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ ရုံးအမှတ်(၂၉)အနီးရှိ လျှိုပိတ်ဆည်တွင် ကျင်းပ ပြုလုပ်သည့် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

          အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ မိုးဦးကျ ရာသီတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ငါးမျိုးစိုက်ထည့်ခြင်းများကို ဆောင်ရွက်ကြရာတွင် သဘာဝရေပြင်များနှင့် မြစ်ချောင်းများအတွင်း ရေသယံဇာတများ ပေါကြွယ်ဝစေရေး၊ ငါးမျိုးများ မပြုန်းတီးစေရေး၊ ငါး ထုတ်လုပ်မှု ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး စသည့် ရည်ရွယ်ချက်ကောင်းများ ထားရှိလျက် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ငါးမျိုးစိုက်ထည့်ခြင်း၏ ကောင်းမြတ်သည့် ရည်ရွယ်ချက်၊ ဦးတည်ချက်များနှင့်အညီ အလေးအနက်ထား ကြိုးပမ်း ဆောင်ရွက်ကြရန်ဖြစ်ကြောင်း မှာကြားပြီးနောက် အခမ်းအနား တက်ရောက်ကြသူများနှင့် ဝန်ထမ်းများက လျှိုပိတ်ဆည်အတွင်းသို့ ငါးမြစ်ချင်း သားပေါက် ကောင်ရေ (၂၀၀၀၀) အား ငါးမျိုးစိုက်ထည့် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန