ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ညောင်ဦး မြို့နယ်အတွင်း ကမ်းပြိုမှု ကာကွယ်ရေး လုပ်ငန်းများ၊ ညောင်ဦးဆိပ်ကမ်း ရေလမ်း ကောင်းမွန်ရေး သောင်တူးဖော်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှုများ နှင့် ပုဂံ- ညောင်ဦး လေဆိပ်လုပ်ငန်း ဆောင်ရွက် နေမှုများကို ကြည့်ရှု စစ်ဆေးခြင်း

၃၀-၄-၂၀၂၂ ရက်နေ့

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ရေအရင်း အမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းလှိုင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် လောကနန္ဒာ စွယ်တော်မြတ် စေတီတော်နှင့် လောကနန္ဒာ ဘေးမဲ့တော ဥယျာဉ်တို့ကို ဧရာဝတီမြစ် ရေတိုက်စားမှုမှ ကာကွယ်နိုင်ရေးအတွက် တည်ဆောက်ရေး လုပ်ငန်း ဆောင်ရွက်နေမှုများကို ဧပြီလ (၃၀) ရက်နေ့ မနက်ပိုင်းတွင် ကွင်းဆင်း ကြည်ရှု စစ်ဆေးခဲ့ပါသည်။

အဆိုပါ မြစ်ရေတိုက်စားမှု ကာကွယ်ရေးလုပ်ငန်းများကို အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် စေတီတော်၏ အနောက်တောင်ဘက် မြစ်ကမ်းပါးမှာ ဘိုးပိုင် ကျောက်စီ မြေထိန်းနံရံ အလျား ပေ (၂၀၀) နှင့် အောက်ဘက်ရှိ လောကနန္ဒာ ဘေးမဲ့တော ဥယျာဉ် မြစ်ကမ်းပါးတွင် Gabion Box မြေထိန်းနံရံ အလျား(၈၀၀)ပေ၊ စုစုပေါင်း အလျား (၁၀၀၀)ပေကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ နည်းပညာ ပံ့ပိုးမှုဖြင့် တင်ဒါ အောင်မြင်သည့် လင်းလက်ပြည့်စုံအောင် ကုမ္ပဏီမှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ (၁၀) ရက်နေ့တွင် လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ရာ ယနေ့အထိ လုပ်ငန်းပြီးစီးမှုမှာ (၇၁%) ဖြစ်ပြီး ဒုတိယဝန်ကြီးမှ လုပ်ငန်းများအား မြစ်ရေ မတက်မီ အချိန်မီ ပြီးစီးနိုင်ရေးနှင့် ရေရှည် ခိုင်ခံ့ စေရန်အတွက် သတ်မှတ် စံချိန်စံညွှန်း ပြည့်မီစွာ ဆောင်ရွက်သွားရန် လမ်းညွှန် မှာကြားခဲ့ပါသည်။

အဆိုပါ လောကနန္ဒာ စွယ်တော်မြတ် စေတီတော်နှင့် လောကနန္ဒာ ဘေးမဲ့တော ဥယျာဉ် မြစ်ကမ်းပါး နေရာများတွင် ဧရာဝတီမြစ် ရေတိုက်စားမှုမှ အချိန်မီ ကာကွယ် ထိန်းသိမ်း ပေးခြင်းအားဖြင့် ရှေးဟောင်း စေတီနှင့် ယဉ်ကျေးမှု အမွေအနှစ်များ ရေရှည် ထိန်းသိမ်း ကာကွယ် နိုင်မည် ဖြစ်ကြောင်း သိရှိရပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ညောင်ဦး ဆိပ်ကမ်းသို့ သွားရောက်ခဲ့ပြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ ညောင်ဦးဆိပ်ကမ်း ရေလမ်းကြောင်း အခြေအနေနှင့် သောင်တူးလုပ်ငန်း တူးဖော်မည့် အစီအမံများကို ရှင်းလင်း တင်ပြခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် သောင်တူးစက် (၂)စင်းဖြင့် သောင်တူးလုပ်ငန်း ဆောင်ရွက်နေမှု များအား ရေယာဉ်ဖြင့် ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ပြီး လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းစေရေး၊  သတ်မှတ် အချိန်ဇယားအတွင်း လုပ်ငန်း ရာနှုန်းပြည့် ပြီးစီးစေရေးတို့ကို တာဝန်ရှိသူ အဆင့်ဆင့်မှ ကြပ်မတ် စစ်ဆေးသွားရန် မှာကြားခဲ့ပါသည်။

လက်ရှိ အခြေအနေတွင် ညောင်ဦးဆိပ်ကမ်း ရေလမ်းမှာ သဲသောင်များ ဖြစ်ထွန်းလျက် ရှိသဖြင့် ယခုကဲ့သို့ သောင်တူးလုပ်ငန်း ဆောင်ရွက်ပေးခြင်းအားဖြင့် ဆိပ်ကမ်း ရေလမ်း ကောင်းမွန်လာပြီး ရေယာဉ်များ ဝင်ထွက် သွားလာနိုင်မည် ဖြစ်သည့်အတွက် ခရီးသွား လုပ်သား ပြည်သူများနှင့် ဒေသခံ ပြည်သူများအတွက် များစွာ အဆင်ပြေမှုများ ရရှိစေမည့်အပြင် သောက်သုံးရေ ရရှိမှု အတွက်လည်း   အထောက်အကူ များစွာ ရရှိစေနိုင်မည် ဖြစ်ကြောင်း သိရှိရပါသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ညောင်ဦးလေဆိပ်သို့ သွားရောက်ပြီး လေဆိပ် ခန်းမဆောင်တွင် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူက အပြည်ပြည်ဆိုင်ရာ လေကြောင်း ခရီးစဉ်များကို ၁၇-၄-၂၀၂၂ မှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး သတ်မှတ်ချက် များနှင့်အညီ ခွင့်ပြုပေးလိုက်ပြီ ဖြစ်သည့်အတွက် အနာဂတ် ကာလတွင် ပုဂံညောင်ဦးဒေသသို့ ခရီးသွားများ ပိုမို ရောက်ရှိ လာနိုင်သည့် အချိန်တွင် လေဆိပ်ဆိုင်ရာ လုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရန် ဆောင်ရွက်ထားမှု အခြေနေများကို ရှင်းလင်း တင်ပြခဲ့ရာ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက လေယာဉ်များ ဘေးအန္တရာယ် ကင်ရှင်းစွာ ဆင်းသက်/ထွက်ခွာနိုင်ရေး အတွက် လေယာဉ်ကွင်းတွင် တပ်ဆင်ထားသော လေကြောင်းဆိုင်ရာ ပစ္စည်းကိရိယာများ အစဉ်ကောင်းမွန်‌စေရေး၊ လေယာဉ်များ နေ့/ည ဆင်းသက်/ထွက်ခွာနိုင်ရေး၊ လေဆိပ်အဆောက်အဦ အတွင်း ရောက်ရှိ/ ထွက်ခွာ ခရီးသည်များ အဆင်ပြေ ချောမွေ့စွာ သွားလာနိုင်ရေး အစရှိသည့် ကိစ္စရပ်များကို အသေးစိတ် မှာကြားပြီး လေကြောင်းထိန်း မျှော်စင်နှင့် လေဆိပ် အဆောက်အဦအတွင်း လှည့်လည် ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

 ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန