ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ Myanmar National Portal User Training သင်တန်းဖွင့်ပွဲ

             ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ Myanmar National Portal User Training သင်တန်းဖွင့်ပွဲအား ဩဂုတ် လ (၂၀) ရက်နေ့တွင် နေပြည်တော်ရှိ e-Government ဌာန၊ Information Access Center တွင် ကျင်းပပြုလုပ်ရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချစ်ဝေမှ တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

          အမြဲတမ်းအတွင်းဝန်မှ ပြောကြားရာတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ e-Government လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အထူးကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ e-Government လုပ်ငန်းစဉ်များအား အစိုးရဌာနများအားလုံး ပူးပေါင်း၍ အမျိုးသားအဆင့်သို့ ဟန်ချက်ညီစွာ အဆင့်မြှင့်တင်နိုင်ရေးအတွက် အစိုးရဌာန အသီးသီး၏ website များနှင့် ဝန်ဆောင်မှုများအား စုစည်းပေါင်းစပ်ပြီး ဤ Portal တွင် လွှင့်တင် သွားမည်ဖြစ်ပါကြောင်း၊ e-Government လုပ်ငန်းများဆောင်ရွက်ရာတွင် အစိုးရနှင့် ဆက်ဆံ ထိတွေ့ရသည့် ပြည်သူများအနေဖြင့် အစိုးရဌာနများ၏ ဝင်ပေါက်တိုင်းကို ဝင်ထွက်သွားလာခြင်း ထက် ဝင်ပေါက်တစ်ခုတည်းမှ ဌာနအားလုံးသို့ ဆက်သွယ်ဆောင်ရွက်ခွင့်ရရေးသည် လွန်စွာ အရေးကြီးပါသဖြင့် single portal ၊ single window စနစ်များ တည်ဆောက်ပေးခြင်းအားဖြင့် ပြည်သူလူထုသို့ လွယ်ကူ လျင်မြန်သော၊ ကောင်းမွန်ထိရောက်သော ပြည်သူ့ဝန်ဆောင်မှုများ ပေးနိုင် ရန် ရည်ရွယ်ပြီး Myanmar National Portal ကို တည်ဆောက်ခဲ့ခြင်းဖြစ်သည့်အတွက် ပြည်သူ လူထုမှ အစိုးရ၏ဝန်ဆောင်မှုများကို ရိုးရှင်းလွယ်ကူစွာ ရယူအသုံးပြုသွားနိုင်မည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ ယခုဖွင့်လှစ်ပို့ချမည့် Myanmar National Portal User Training သင်တန်းသည် မိမိတို့ တာဝန်ယူဆောင်ရွက်ရသည့် အစိုးရဌာနအသီးသီးမှ သက်ဆိုင်ရာဌာန အလိုက် သတင်းအချက်အလက်များနှင့် ဝန်ဆောင်မှုများကို မကြာမီလွှင့်တင်သွားမည့် Myanmar National Portal တွင်ကိုယ်တိုင် ကျွမ်းကျင်စွာ လွှင့်တင်သွားနိုင်ရန်အတွက် သင်တန်းပို့ချပေးရ ခြင်း ဖြစ်သောကြောင့် စိတ်ပါဝင်စားစွာ လေ့လာဆည်းပူးသွားကြရန် မှာကြားခဲ့ကြောင်းပြောကြား သွားပါသည်။

          အဆိုပါသင်တန်းသည် အစိုးရအဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနအသီးသီးမှ သင်တန်းသား သင်တန်းသူ (၁၁၀) ဦးဖြင့် ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး ပထမအသုတ်အနေဖြင့် (၃၆) ဦးနှင့်စတင် ဖွင့်လှစ်ပို့ချ၍ ဒုတိယအသုတ်၊ တတိယအသုတ်ဖြင့် ဩဂုတ်လအတွင်း ဆက်လက်ပို့ချသွားမည် ဖြစ်ကြောင်း သတင်း ရရှိပါသည်။