ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် ကုန်းလမ်းပို့ဆောင်ရေးတို့ကို ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းကြည့်ရှုစစ်ဆေး

၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်

          ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း သည် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ လိုက်ပါ၍ ဒီဇင်ဘာလ(၁၁)ရက်နေ့တွင် ရန်ကုန်မြို့၊ ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(မြင်သာ)နှင့် ကုန်းလမ်းပို့ဆောင်ရေး၊ အခြေစိုက်အလုပ်ရုံ အမှတ်(၃) (မရမ်းကုန်း) တို့ကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နံနက်ပိုင်းတွင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံး(မြင်သာ)သို့ ရောက်ရှိရာ ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများက ကြိုဆိုခဲ့ ကြပါသည်။ ပြည်ထောင်စုဝန်ကြီးသည် အစည်းအဝေးခန်းမတွင် ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် ကုန်းလမ်းပို့ဆောင်ရေးတို့မှ ဌာနအကြီးအကဲများ၊ အဆိုပါဌာနများမှ ဌာနအလိုက် တိုင်းအဆင့် တာဝန်ခံများနှင့် တွေ့ဆုံရာ၌ ဌာနများနှင့် သက်ဆိုင်သော အချက်အလက်များ၊ လုပ်ငန်းတာဝန်များ၊ လုပ်ငန်းစွမ်းဆောင်နိုင်မှု အခြေအနေ တင်ပြမှုများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ပို့ဆောင်ရေးစီမံကိန်းဦးစီး ဌာနနှင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနတို့အနေဖြင့် များပြားလာသော ယာဉ်စီးရေ အရ ယာဉ်မှတ်ပုံတင်ခြင်းနှင့် လုပ်ငန်းလိုင်စင်ကိစ္စ လုပ်ငန်းပမာဏ သိသာစွာ တိုးမြင့်လာခြင်းအတွက် ဝန်ထမ်းအင်အား လုံလောက်အောင် ထပ်မံဖြည့်ဆည်းနိုင်ရေးနှင့် လိုအပ်ပါက ဖွဲ့စည်းပုံပြင်ဆင် တိုးချဲ့ နိုင်ရေးကို သုံးသပ် ဆောင်ရွက်ကြရန် ဖြစ်ကြောင်း၊ ဌာနများ၏ လျာထားချက်များကို လက်တွေ့ အမှန်တကယ်  စွမ်းဆောင်နိုင်မှုနှင့် ချင့်ချိန် သုံးသပ် တွက်ချက်ရန် လိုအပ်ပါကြောင်း၊ အများပြည်သူနှင့် တိုက်ရိုက် ထိတွေ့နေရသည့် ဝန်ထမ်းများ အားလုံးကို ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ဆေး (၂)ကြိမ် ထိုးနှံ ပြီးစီးအောင် အလေးအနက်ထား စီမံကြရန် ဖြစ်ကြောင်း၊ လက်ရှိဖွဲ့စည်းပုံ၊ လုပ်ငန်းတာဝန်နှင့် စွမ်းဆောင်နိုင်မှုများကို အခြေခံ၍ အနာဂတ်၌ ဌာန၏ လုပ်ငန်းတာဝန်များ ရေရှည် တိုးတက် အောင်မြင်စေနိုင်ရေး အတွက် ပြန်လည် သုံးသပ် ပြင်ဆင် ဆောင်ရွက်သွားရန် ဖြစ်ကြောင်း၊ လုပ်ငန်းကိစ္စဖြင့် ရုံးဌာနများသို့ လာရောက်ကြသည့် ပြည်သူများ ပိုမိုအဆင်ပြေ ချောမွေ့စေရေးအတွက်  လုပ်ငန်း ကြာမြင့်ချိန် လျှော့ချ နိုင်အောင် စီမံ၊ ကြပ်မတ်ပေးခြင်း၊ နားနေနိုင်မည့် နေရာများ စီစဉ်ပေးခြင်း စသည်တို့ ဆောင်ရွက်ပေးကြရန် ဖြစ်ကြောင်း လမ်းညွှန် မှာကြားခဲ့ပါသည်။

            ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဌာန စုပေါင်းခန်းမတွင် ဝန်ထမ်းများအား တွေ့ဆုံ၍ နိုင်ငံတော်အစိုးရ၏ မူဝါဒ၊ ရှေ့လုပ်ငန်းစဉ်များ ချမှတ် အကောင်အထည်ဖော်နေမှု အခြေအနေများကို ရှင်းပြခဲ့ပါသည်။ ဌာနတိုင်းသည် ဝန်ထမ်းလုံခြုံရေး၊ ပစ္စည်းနှင့် အဆောက်အဦ လုံခြုံရေးတို့ကို အစဉ် သတိပြု ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဌာနများအနေဖြင့် နိုင်ငံတော်အတွက် အခွန်ငွေနှင့် ဝင်ငွေများ ပိုမိုတိုးတက် ရရှိရေး စွမ်းဆောင်ကြရန် ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများ၊ ဥပဒေ၊ နည်းဥပဒေများနှင့် ဝန်ထမ်း သစ္စာဓိဌာန်(၆) ချက်တို့နှင့်အညီ လိုက်နာကျင့်ကြံ၍ တာဝန် ထမ်းဆောင်ကြရန် ဖြစ်ကြောင်း၊ ကိုဗစ်(၁၉) ကူးစက်ရောဂါ အန္တရာယ်ကို ထိရောက်စွာ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ပြဋ္ဌာန်းထားသော သတ်မှတ် စည်းကမ်းများအတိုင်း လိုက်နာကြရန် လိုအပ်ကြောင်း မှာကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ ပါသည်။

            ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် မရမ်းကုန်းမြို့နယ်ရှိ ကုန်းလမ်းပို့ဆောင်ရေး၊ အခြေစိုက်အလုပ်ရုံ အမှတ်(၃)သို့ ရောက်ရှိလာရာ အလုပ်ရုံတာဝန်ခံမှ ကြိုဆိုခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ခန်းမဆောင်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်နေသည့် ဌာန၏ ဝန်ထမ်းများကို တွေ့ဆုံ၍ ဌာန၏ စွမ်းဆောင်မှုနှင့် စိတ်ဓာတ်မြှင့်တင်ရေး၊ အလုပ်ရုံဝန်ထမ်းများ၊ မော်တော်ယာဉ်များ လုံခြုံရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းမှု ရှိစေရေး၊ လုပ်ထုံးလုပ်နည်းများကို တိကျစွာ လိုက်နာ စောင့်ထိန်း၍ မသမာမှု ကင်းရှင်းရေး အလေးအနက်ထား ဆောင်ရွက်ကြရန် လမ်းညွှန် မှာကြားပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။ ဝန်ထမ်းများနှင့် တွေ့ဆုံပြီးနောက် ပြည်ထောင်စုဝန်ကြီးသည် ဌာနပိုင် အငှါးယာဉ်များ၊ အမောင်းသင်ယာဉ်များ၏ အခြေအနေကို ကြည့်ရှု စစ်ဆေးပြီး၊ မော်တော်ယာဉ်များ ကြံခိုင်ရေးကို သတ်မှတ်ထားသည့် နည်းစနစ်အတိုင်း ပုံမှန်စစ်ဆေး၊ မွမ်းမံ၊ ထိန်းသိမ်းမှုလုပ်ငန်းစဉ်များ စနစ်တကျ ဆောင်ရွက်ရန်နှင့် ယာဉ်မောင်း သင်တန်း၏ လေ့ကျင့်သင်ကြားမှု ကိစ္စတွင်လည်း ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို တိကျစွာ လိုက်နာ ဆောင်ရွက်ရန် တို့ကို လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန