ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်အတွင်း (ပထမအကြိမ်) Incident Handling – Intrusion Detection သင်တန်းဖွင့်ပွဲအခမ်းအနား

   ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်အတွင်း (ပထမအကြိမ်) Incident Handling – Intrusion Detection သင်တန်းဖွင့်ပွဲကို မေလ (၁၆) ရက်နေ့ နံနက်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ရာ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်း၊ သင်တန်းကျောင်းကျောင်းအုပ် ဒေါ်နှင်းခိုင်အေး၊ ဌာနအကြီးအကဲများ၊ သင်တန်းဆရာ၊ ဆရာမများ၊ သင်တန်းအထောက်အကူပြုတာဝန်ခံများနှင့် ပြည်ထောင်စု ဝန်ကြီးဌာန/ ဗဟိုအစိုးရအဖွဲ့အစည်း (၂၅)ခုမှ သင်တန်းသား/သင်တန်းသူစုစုပေါင်း (၂၇)ဦး တက်ရောက်ကြောင်း သိရှိရပါသည်။ 
    ရှေးဦးစွာ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်းက သင်တန်းကျောင်းအနေဖြင့် ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများအား ဆိုက်ဘာတိုက်ခိုက်မှုခံရလျှင် မည်သို့ တုံ့ပြန်ရမည် ဆိုသည့် လုပ်ငန်းစဉ်များကို နားလည်သဘောပေါက်စေရန်နှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ Tool များ အသုံးပြုပြီး တိုက်ခိုက်မှုများကို လက်တွေ့ ဖြေရှင်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ Incident Handling – Intrusion Detection သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းနှင့် သင်တန်းတွင် ဂျပန်နိုင်ငံ၏ Financial Sector တစ်ခုတွင် ဆိုက်ဘာတိုက်ခိုက်ခံခဲ့ရသည့် ဖြစ်စဉ်ကို အခြေခံဖန်တီးထားသော Hands-on Exercise သင်ခန်းစာများဖြင့်  သင်ကြားပို့ချပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
     ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်မှ အမှာစကားပြောကြားရာတွင် ယနေ့ခေတ်မှာ အရေးကြီးသတင်းအချက်အလက်အခြေခံအဆောက်အဦ (Critical Information Infrastructure) တွေကို ပစ်မှတ်ထားသည့် ဆိုက်ဘာတိုက်ခိုက်မှုများ တစ်နေ့ထက်  တစ်နေ့ ပိုမိုများပြားလာနေကြောင်း၊ ဒီလိုတိုက်ခိုက်မှုတွေကို ကာကွယ်နိုင်ရန် နည်းပညာမြင့် စက်ပစ္စည်းများ ရှိရုံဖြင့် မလုံလောက်တော့ဘဲ နည်းပညာမြင့် စက်ပစ္စည်းများသာမက လူတွေ၏ဆိုက်ဘာလုံခြုံရေး အသိအမြင်ကြွယ်ဝမှုနဲ့ ဆိုက်ဘာတိုက်ခိုက်မှုကို ကာကွယ်လျှော့ချနိုင်မယ့် လုပ်ငန်းစဉ်များ ပေါင်းစပ်ထားတဲ့ “People, Process,   Technology” ပြည့်စုံရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
    Incident Handling – Intrusion Detection သင်တန်းကာလမှာ (၁၆.၅.၂၀၂၂)ရက်နေ့မှ (၂၀.၅.၂၀၂၂)ရက်နေ့အထိဖြစ်ပြီး e-Learning Center I စာသင်ခန်းမတွင် ပို့ချမည်ဖြစ်ပြီး အမျိုးသား ဆိုက်ဘာလုံခြုံရေးဗဟိုဌာနမှ လာရောက် သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
     သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးသင်တန်းကျောင်းသည် ပြည်ထောင်စု ဝန်ကြီးဌာနများ နှင့်အစိုးရအဖွဲ့အစည်းအသီးသီးမှ နိုင်ငံ့ဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရှိရပါသည်။