ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (ဧရာဝတီဌာနခွဲ) မှ မန္တလေး - ဗန်းမော် သင်္ဘောခရီးစဉ်များ ပုံမှန်ပြေးဆွဲလျက်ရှိ

(ရန်ကုန်၊ ၈-၄-၂၀၂၁)

          ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ဧရာဝတီ ဌာနခွဲ (မန္တလေး)မှ မန္တလေး - ဗန်းမော် ခရီးလမ်းကို ရက်သတ္တပတ် တစ်ပတ်လျှင် (၂)ခေါက် (တနင်္လာ၊ ကြာသပတေးနေ့များတွင်) ဂေါဝိန်ဆိပ်ကမ်းမှ နံနက် (၀၆:၀၀) နာရီတွင် ထွက်ခွာ၍ ခရီးသည်နှင့် ကုန်စည် ပို့ဆောင်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် ပီကြီး/ ပီလတ် ရေယာဉ်အမျိုးအစားများဖြစ်သော (၂)ထပ် သင်္ဘောများဖြင့် ပုံမှန် ပြေးဆွဲပေးလျက် ရှိပါသည်။

          ၈-၄-၂၀၂၁ ရက်၊ ကြာသပတေးနေ့တွင် မန္တလေးဆိပ်ကမ်းမှ ဗန်းမော်သို့ ခရီးစဉ်ခေါက်ရေ (၄၇) အဖြစ်  နံနက် (၀၆:၀၀) နာရီတွင် "ပိတောက်" ရေယာဉ်ဖြင့် ခရီးသည် (၈)ဦးနှင့် ကုန် (၁၃၅)တန်ကို တင်ဆောင် ပြေးဆွဲပေးခဲ့ပါသည်။ အဆိုပါ "ပိတောက်" ရေယာဉ်သည် ခရီးလမ်း တစ်လျောက် ကျောက်မြောင်း၊ တကောင်း၊ ထီးချိုင့်၊ ကသာ၊ ရွှေကူမြို့များတွင် ဆိုက်ကပ်ပြီး ခရီးသည်နှင့် ကုန်တင်ခြင်း/ ကုန်ချခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ဗန်းမော်ဆိပ်ကမ်းတွင် ရောက်ရှိ အခြေပြုမည် ဖြစ်ပါသည်။ အဆန်ခရီးစဉ်အဖြစ် (၂)ညအိပ် (၃) ရက် ကြာမြင့်ပြီး၊ ဗန်းမော်မြို့ ဆိပ်ကမ်းတွင် သယ်ဆောင်လာသော ကုန်စည်များ ချခြင်း/ အစုန် ခရီးစဉ်အတွက် ခရီးသည်နှင့်ကုန်များ တင်ဆောင်ခြင်းများအား လက်ခံဆောင်ရွက်ပြီးနောက် ၁၂-၄-၂၀၂၁ ရက်၊ တနင်္လာနေ့ နံနက်(၀၆:၀၀) နာရီအချိန်တွင် ပြန်လည်စုန်ဆင်းမည် ဖြစ်ပါသည်။ အဆိုပါ "ပိတောက်" ရေယာဉ်သည် မန္တလေးမြို့သို့ ၁၄-၄-၂၀၂၁ ရက်နေ့ နံနက်စောစောတွင် ရောက်ရှိမည် ဖြစ်ပြီး၊ အစုန်/ အဆန် ခရီးစဉ်အဖြစ် စုစုပေါင်း (၇) ရက်ဖြင့် ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။