ရန်ကုန်-မန္တလေးရထားလမ်းပိုင်း၊ ပိန်းဇလုပ်ဘူတာနှင့် တော်ဝိဘူတာအကြား ရထားလမ်း အကြမ်းဖက်သောင်းကျန်းသူများ၏ မိုင်းခွဲဖျက်ဆီးခံရ

၂၀၂၃ ခုနှစ် ၊ စက်တင်ဘာလ ( ) ရက်

၅.၉.၂၀၂၃ရက်နေ့ နံနက်(၀၂၃၀)နာရီခန့်တွင် မြန်မာ့မီးရထား၊ တိုင်းအမှတ်(၆)နယ်မြေ၊ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်ဘူတာ၏ တောင်ဘက်(တော်ဝိဘူတာဘက် ခြမ်း)၌ ပေါက်ကွဲသံကြားရကြောင်း သတင်းကြိုတင်ရရှိသဖြင့် မန္တလေး-ရန်ကုန် အမှတ်(၆)အစုန် လူစီးအမြန်ရထား၏ စက်ခေါင်းမောင်းသည် ပိန်းဇလုပ်ဘူတာအား (၀၃၂၃)နာရီအချိန် ဖြတ်သန်းခဲ့ပြီး ဆက်လက်၍ သတိပြုမောင်းနှင်လာရာ ပိန်းဇလုပ်ဘူတာ-တော်ဝိဘူတာအကြား၊ မိုင်တိုင်(၉၉/၈-၇)သို့ (၀၃၃၂)နာရီ အချိန်ရောက်ရှိစဉ် ရထားမီးရောင်အောက်၌ တံတားအမှတ်(BR-137)ပေါ်နှင့် ရထား လမ်းအနီးတစ်ဝိုက်တွင် အကြမ်းဖက်သောင်းကျန်းသူများက မိုင်းဖောက်ခွဲထားသောကြောင့် သံလမ်းများ ပြတ်တောက်ပျက်စီးနေကြောင်း တွေ့ရှိရသဖြင့် စက်ခေါင်းမောင်းမှ ရထားအား အချိန်မီ ရပ်တန့်ပြီးနောက် ပိန်းဇလုပ်ဘူတာသို့ နောက်ပြန်ဆုတ်ခွာ ရပ်တန့်၍ လမ်းပိုင်းအား (၀၄၁၀)နာရီ မှစ၍ ခေတ္တပိတ်ထားခဲ့ရပါသည်။

အဆိုပါ ဖြစ်စဉ်နေရာအား စစ်ဆေးရာတွင် တံတားအမှတ် (BR-137)ပေါ်တွင် ထိခိုက် ပျက်စီးမှု (၁)နေရာ၊ ၎င်းတံတား၏ တောင်ဘက် ပေ(၅၀)ခန့်အကွာ ရထားလမ်းပေါ်တွင် (၁)နေရာ တို့၌ အကြမ်းဖက်သောင်းကျန်းသူများက မိုင်း(၂)လုံး ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း၊ မိုင်းဒဏ်ကြောင့် ရထားသံလမ်းပေ(၈၀)ခန့် ပြတ်တောက်တွန့်လိမ်သွားခြင်း၊ ကွန်ကရစ်ဇလီဖား (၁၄)တုံး ပျက်စီးခြင်း၊ (၁၀)ပေအရှည်ရှိ ကွန်ကရစ်တံတားကြမ်းခင်း (၃)ပေ ပတ်လည်ခန့် ထိခိုက်ခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါသည်။  မြန်မာ့မီးရထားအနေဖြင့် ပျက်စီးမှုများအား အမြန်ဆုံးပြုပြင်ဆောင်ရွက် ပြီးစီးခဲ့ရာ (၁၁၁၅)နာရီတွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သောကြောင့် ရထားခရီးစဉ်များအား ဆက်လက်စေလွှတ်ပေး နေပြီ ဖြစ်ပါသည်။

အဆိုပါ မိုင်းဖြစ်စဉ်ကြောင့် မန္တလေးမှ ရန်ကုန်သို့ ထွက်ခွာလာသည့် အမှတ်(၆)အစုန် အမြန် ရထားသည် ပိန်းဇလုပ်ဘူတာ၌လည်းကောင်း၊ အမှတ်(၄)အစုန်ရထားသည် ပဲနွယ်ကုန်းဘူတာ၌ လည်းကောင်း ယာယီရပ်တန့်စောင့်ဆိုင်းရသောကြောင့် ခရီးသည်စုစုပေါင်း(၁၄၀၀)ခန့်တို့သည် လမ်းခရီး၌ (၈)နာရီခန့် ကြန့်ကြာ၍ အခက်အခဲကြုံတွေ့ကြရကြောင်း၊ မြန်မာ့မီးရထားအနေဖြင့် အဆိုပါ ခရီးသည်များ စားသောက်မှုအဆင်ပြေနိုင်စေရေးအတွက် နေ့လည်စာ ထမင်းဘူးများနှင့် သောက်ရေတို့ကို ပံ့ပိုး စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ခုနှစ်၊ ဖေဖေါ်ဝါရီလမှစ၍ ယခုအချိန် အထိ ရထားလမ်းကွန်ယက်တစ်ခုလုံးတွင် ရထားလမ်းများ၊ ဘူတာနယ်မြေများအတွင်း ဗုံးထောင်၊ မိုင်းခွဲဖျက်ဆီးခြင်း (၁၂၅)ကြိမ်၊ တံတားမိုင်ခွဲခြင်း (၄၅)ကြိမ်၊ ဘူတာနှင့် ဝန်ထမ်းနေအိမ်များ မီးရှို့ဖျက်ဆီးခြင်း (၁၂)ကြိမ်တို့ကို ကျူးလွန်ခဲ့ကြပြီးဖြစ်ပါသည်။ ယင်းလုပ်ရပ်များအနက်  ၂၀၂၃ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအတွင်း ရန်ကုန်-မန္တလေးရထားလမ်းပိုင်း၏ ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်လေးပင်မြို့နယ်နှင့် ဒိုက်ဦးမြို့နယ်များအတွင်း ရထားလမ်းစီမံကိန်း လုပ်ငန်းခွင်များ၊ ဖြတ်သန်းရထားများအား ပစ်မှတ်ထား၍ မိုင်းဖောက်ခွဲဖျက်ဆီးမှု (၇)ကြိမ်အထိ ဆောင်ရွက်ခဲ့ခြင်း ကြောင့် ရထားလမ်းနှင့်တံတားများ ပျက်စီးခြင်း၊ ရထားစက်ခေါင်းနှင့်တွဲများ ထိခိုက်ပျက်စီးခြင်း၊ ကုန်စည်များ ပျက်စီးဆုံးရှုံးခြင်း၊ ခရီးသည်များ လမ်းခရီး၌ကြန့်ကြာ၍ အခက်အခဲမျိုးစုံကြုံတွေ့ ကြရခြင်းတို့ကြောင့် ပြည်သူလူထုအနေဖြင့် ယခုကဲ့သို့ စဉ်ဆက်မပြတ် အဖျက်အမှောက်လုပ်ငန်းများ ကိုသာ တစ်စိုက်မတ်မတ် ရည်ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက်နေသည့် အကြမ်းဖက်သောင်းကျန်းသူများ၏ လုပ်ရပ်များအပေါ် လွန်စွာစက်ဆုပ်ရွံရှာလျက်ရှိကြကြောင်း သတင်းရရှိပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန