သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၏ (ပထမအကြိမ်) Web Design HTML5 and CSS3 Course သင်တန်းဖွင့်ပွဲအခမ်းအနား

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၏ (ပထမအကြိမ်) Web Design HTML5 and CSS3 Course သင်တန်းဖွင့်ပွဲကို ဇန်နဝါရီလ (၁၇) ရက်နေ့ နံနက်ပိုင်းတွင် ရုံးအမှတ်(၂) နေပြည်တော်ရှိ e-Learning Center သင်တန်းခန်းမတွင် ကျင်းပရာ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်နှင်းခိုင်အေး၊ သင်တန်းဆရာများ၊ သင်တန်းဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်ထောင်စုဝန်ကြီးဌာန/အစိုးရအဖွဲ့အစည်း (၂၆) ခုမှ သင်တန်းသား (၂၇) ဦးတို့ တက်ရောက်ကြောင်း သိရပါသည်။ 
အဆိုပါ သင်တန်းဖွင့်ပွဲသို့ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်းမှ တက်ရောက်ချီးမြှင့် အမှာစကားပြောကြားခဲ့ပါသည်။
ရှေးဦးစွာ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်းက သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်းအနေဖြင့် ဝန်ကြီးဌာနအသီးသီးမှ နိုင်ငံ့ဝန်ထမ်းများ၏ အိုင်စီတီနည်းပညာ ကျွမ်းကျင်မှုအရည်အသွေး မြင့်မားလာစေရန်နှင့် e-Government စနစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွေမှာ အိုင်စီတီနည်းပညာကို ဟန်ချက်ညီစွာ ပေါင်းစပ်ပါဝင် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ သတင်းအချက်အလက်နှင့် ဆိုက်ဘာလုံခြုံရေးသင်တန်းကျောင်းမှ အိုင်စီတီသင်တန်းများ၊ e-Government ဆိုင်ရာသင်တန်းများ၊ Softskill ကျွမ်းကျင်မှုဆိုင်ရာသင်တန်းများကို ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ 
ဆက်လက်ပြီး ခေတ္တညွှန်ကြားရေးမှူးချုပ်က ပြည်သူများအား ဝန်ကြီးဌာနအသီးသီး၏ ဝန်ဆောင်မှုများနှင့် သတင်းအချက်အလက်များကို တစ်နေရာတည်းတွင်စုစည်း၍ ဖော်ပြပေးထားသော Myanmar National Portal ကို တည်ဆောက်ခဲ့ပြီး National Portal တွင် ပြည်ထောင်စုဝန်ကြီးဌာနများနှင့် အစိုးရအဖွဲ့အစည်းအသီးသီး၏ Website များနှင့်ချိတ်ဆက်ကာ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း၊ ထိုသို့ဝန်ဆောင်မှုပေးရာတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများသည် Website ရေးသားခြင်း၊ စီမံခန့်ခွဲခြင်း ပညာရပ်များကို လေ့လာတက်မြောက်ရန်လိုအပ်ကြောင်း၊ အွန်လိုင်းမှ ဝန်ဆောင်မှုများပေးနိုင်သော e-Services/e-Commerce လုပ်ငန်းများ အရှိန်အဟုန်မြင့် ဆောင်ရွက်နိုင်စေရန်အတွက် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း နှင့် ယခုဖွင့်လှစ်ပို့ချသော သင်တန်းသည်  e-Government စနစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ဝန်ကြီးဌာနအသီးသီး၏ Website များရေးသားရာတွင် Web Design အခြေခံဖြစ်သည့် HTML5 နှင့် CSS3 Language  နည်းပညာများကို အသုံးပြု၍ Static Web Page များရေးသားနိုင်စေရန်၊ Website တစ်ခု ရေးသားရာတွင်လိုအပ်သည့် Design Concept များ သိရှိနားလည်ပြီး ဌာနအတွက် အသုံးတည့်မည့် Website များရေးဆွဲနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် သင်တန်းသားများအား ဌာနအတွက်ရော မိမိအတွက်ပါ အကျိုးရှိစေရန် သင်တန်းတွင် ဆွေးနွေးပို့ချမည့်  အကြောင်းအရာများကို  အပတ်တကုတ်  ကြိုးစားလေ့လာသင်ယူကြပြီး ဌာနအတွက် အားကိုးအားထားရလောက်သည့် ဝန်ထမ်းများ ဖြစ်လာစေရန် ကြိုးစားကြစေလိုကြောင်း တိုက်တွန်း ပြောကြားခဲ့ပါသည်။ 
Web Design HTML5 နှင့် CSS3 Course သင်တန်းကာလမှာ (၁၇.၁.၂၀၂၂) ရက်နေ့မှ (၁.၂.၂၀၂၂) ရက်နေ့အထိ ဖြစ်ပြီး သင်တန်းခန်းမတွင် Covid 19 ရောဂါကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးသင်တန်းကျောင်းသည် e-Government လုပ်ငန်းများစဉ်များတွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရှိရသည်။