အိန္ဒိယမိုဘိုင်းဆက်သွယ်ရေးညီလာခံ ၂၀၁၈ သို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် နှင့် ကိုယ်စားလှယ်အဖွဲ့တက်ရောက်

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် အိန္ဒိယနိုင်ငံ မိုဘိုင်းဆက်သွယ်ရေးညီလာခံ ၂၀၁၈ နှင့် အဆိုပါညီလာခံအတွင်း ကျင်းပပြုလုပ် သည့်  အာဆီယံနှင့် ဘင်းစတက်နိုင်ငံများ ဝန်ကြီးအဆင့် သီးခြားဆွေးနွေးပွဲသို့ တက်ရောက်၍ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍ တိုးတက်ပြောင်းလဲနေမှုများ၊ အခက်အခဲများ၊ စိန်ခေါ်မှု များ၊ အိုင်စီတီ အခြေခံအဆောက်အဦများ၊ အထူးသဖြင့် မြန်နှုန်းမြင့် အခြေခံအဆောက်အဦ များ စနစ်တကျ တည်ဆောက်နိုင်ရေးသည် လွန်စွာအရေးကြီးကြောင်း၊ နောင်တိုးတက် ပြောင်းလဲလာမည့် နည်းပညာများနှင့် လိုက်လျော ညီထွေဖြစ်စေမည့် အခြေခံအဆောက်အဦနှင့် ချိတ်ဆက်မှုများဖြစ်ရန် လိုအပ်ကြောင်း၊ စာရင်းဇယားများအရ ကမ္ဘာ့လူဦးရေ၏ ထက်ဝက် ကျော်သည် ယနေ့အချိန်ထိ ဆက်သွယ်မှု မရရှိသေး ကြောင်း၊ Sustainable Development Goal 2030 နှင့်အညီ လူတိုင်းဆက်သွယ်မှု ရရှိနိုင်ရေး အထူးအလေးထား ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ကွန်ရက်လွှမ်းခြုံမှု ရရှိရုံမျှဖြင့် လုံလောက်မှု မရှိကြောင်း၊ အသုံးပြုနိုင်ရန် အတွက် လိုအပ်သော Application များ၊ တီထွင် ဖန်တီးမှုများ ဆောင်ရွက်ပေးရန်လည်း လိုအပ်ပါကြောင်း၊ ဤညီလာခံအတွင်း ဆွေးနွေးမှုများ မှ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တစ်ကယ် အသုံးချနိုင်မည့်  ရလာဒ်များ ထွက်ပေါ်လာနိင်မည်ဟု မျှော်မှန်းပါကြောင်း၊ ဒေသတွင်းနိုင်ငံများ၏ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အိန္ဒိယနိုင်ငံ၏ ကြိုးပမ်းကူညီ ဆောင်ရွက် ပေးမှုများအပေါ် အထူးလေးစား အသိအမှတ်ပြုပါကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် အာစီယံနှင့် ဘင်းစတက် အဖွဲ့ဝင် နိုင်ငံများနှင့် အတူ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်းကုန် ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

အဆိုပါညီလာခံကို အိန္ဒိယနိုင်ငံ ဆက်သွယ်ရေးဝန်ကြီးဌာန၊ Department of Telecommunications နှင့် ဆယ်လူလာအော်ပရေတာများ အဖွဲ့အစည်းတို့မှ ကြီးမှူး၍ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ Aerocity တွင် ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၂၅)ရက်နေ့မှ (၂၇)ရက်နေ့အထိ ကျင်းပခဲ့ရာ အိန္ဒိယနိုင်ငံ ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၊ ဝန်ကြီး Shri Manoj Sinha   က တက်ရောက် ဖွင့်လှစ်ပေးခဲ့ပြီး အာဆီယံအဖွဲ့နှင့်် နိုင်ငံများမှ  ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ ဘင်းစတက်အဖွဲ့ အထွေထွေအတွင်းရေးမှူး၊ Telecom Regulator အဖွဲ့အစည်း များမှ တာဝန်ရှိသူများ၊ GSMA မှ တာဝန်ရှိသူများနှင့်  နိုင်ငံတကာမှ ဆွေးနွေးပြောကြား သူများ၊ ပြပွဲခင်းကျင်း ပြသသူများအပါအဝင် စုစုပေါင်း လူဦးရေ တစ်သိန်းကျော် တက်ရောက် ခဲ့ကြပါသည်။

ညီလာခံကို “New Digital Horizons: Connect,Create, Innovate” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး အတွေးအခေါ်သစ်များ ပေါ်ထွက်လာစေရေး၊ လုပ်ငန်းဆောင်ရွက် နေသူများ အချင်းချင်း ရင်းနှီးဆက်သွယ်မှု ရရှိစေရေး၊ နောက်ဆုံးပေါ် မိုဘိုင်းဆက်သွယ်ရေး နည်းပညာ များ၊  ဒေသတွင်း အမှန်တစ်ကယ် အကျိုးသက်ရောက်မှု ဖြစ်စေနိုင်ရေး ဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးသည် ခရီးစဉ်အတွင်း အဖွဲ့ဝင်အဖြစ်လိုက်ပါလာသော ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနနှင့် သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန တို့မှ တာဝန် ရှိသူများ၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ တာဝန်ရှိသူများနှင့်အတူ  အိန္ဒိယနိုင်ငံ ဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး Mr. Manoj Sinha   နှင့် Road Transport and Highways ဝန်ကြီးဌာန ဝန်ကြီး Mr. Nitin Jairam Gadkari နှင့်အဖွဲ့ တို့အား သီးခြားစီ တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်လျက်ရှိသော ဆက်သွယ်ရေး နှင့် အိုင်စီတီကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ပို့ဆောင်ရေးဆိုင်ရာကိစ္စရပ်များ၊ မော်တော်ယာဉ်များ ပြေးဆွဲနိုင်ရေးကိစ္စရပ်များ နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြပြီး၊ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နိုဝင်ဘာလ (၂၈) ရက်နေ့ နံနက်ပိုင်းတွင် မြန်မာ နိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြကြောင်း သတင်းရရှိပါသည်။