ဧရာဝတီတိုင်းဒေသကြီး ၊ မြောင်းမြခရိုင် ၊ မြောင်းမြမြို့နယ်၊ ပုသိမ်-ကံကုန်း-မြင်းကဆိပ်-မြောင်းမြ လမ်းပေါ်ရှိ အရှည် (၁၂၆၀)ပေ ပမ္မဝတီတံတား(မြင်းကဆိပ်)ဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း

(၂၀-၃-၂၀၂၃)

(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ပုသိမ်-ကံကုန်း-မြင်းကဆိပ်-မြောင်းမြလမ်းပေါ်ရှိ အရှည်(၁၂၆၀) ပေ ပမ္မဝတီတံတား(မြင်းကဆိပ်)ဖွင့်ပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ မတ်လ(၂၀) ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါတံတားရှိ မင်္ဂလာမဏ္ဍပ်၌ ကျင်းပပါသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်ခိုင် ၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ စစ်ဘက်၊ နယ်ဘက်မှ ပုဂ္ဂိုလ်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ လူမှုရေးအသင်းအဖွဲ့များမှ ပုဂ္ဂိုလ်များ၊ ရပ်မိ၊ ရပ်ဖများ၊ ဒေသခံပြည်သူများ၊ ဖိတ်ကြားထား သည့် ဧည့်သည်တော်များ၊ ဘင်ခရာအဖွဲ့၊ စည်တော်အဖွဲ့၊ တိုင်းရင်းသားရိုးရာအကအဖွဲ့များ တက်ရောက်ကြပါသည်။

 ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပုသိမ်-ကံကုန်း-မြင်းကဆိပ်-မြောင်းမြလမ်းပေါ်ရှိ ပမ္မဝတီတံတား (မြင်းကဆိပ်)ကို တည်ဆောက်ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် ဒေသခံပြည်သူများနှင့်ထပ်တူ ဝမ်းမြောက် ဂုဏ်ယူပါ ကြောင်း၊ ယခုတံတားကြီးအား (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသည့် အနေဖြင့် ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေးလွယ်ကူချောမွေ့ရေးသည် ဒေသတစ်ခုဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကလိုအပ်ချက်ဖြစ်ပြီး အလွန်အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်ပါကြောင်း။

ဧရာဝတီတိုင်းဒေသကြီးသည် မြစ်ဝကျွန်းပေါ်ဒေသဖြစ်သည်နှင့်အညီမြန်မာပြည်၏ ဆန်စပါး အဓိကထွက်ရှိရာ တိုင်းဒေသကြီးဖြစ်ကြောင်း၊ မြစ်ချောင်းများပေါများပြီး မြေဆီသြဇာ ကြွယ်ဝသော မြေနုကျွန်းများရှိသည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းပြီး ရေထွက်ပစ္စည်း လုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများ တည်ရှိသောတိုင်းဒေသကြီးလည်းဖြစ်ပါကြောင်း၊ ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်စေရန် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရန်လိုပါကြောင်း၊ ပြည်သူများ ဘေး အန္တရာယ်ကင်းစွာ ဖြတ်သန်းသွားလာအသုံးပြုနိုင်ရန် ပမ္မဝတီတံတား(မြင်းကဆိပ်) ကို  ဖွင့်လှစ်ပေးပြီးဖြစ်၍ တံတားကြီးရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဒေသခံပြည်သူများမှ ဝိုင်းဝန်း ထိန်းသိမ်း ပေးစေလိုပါကြောင်း စသည်ဖြင့် ပြောကြားပါသည်။

ဆက်လက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် က တံတား တည်ဆောက်ပေးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းဒေသကြီး/ပြည်နယ်များ ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်စေရန် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေးသည် အဓိကကျပါကြောင်း၊ ဒေသအားလုံးအချိုးညီညီ ဖွံ့ဖြိုးတိုးတက်စေရန် လမ်း၊ တံတားများကို အသစ်တည်ဆောက်ခြင်း၊ အဆင့်မြှင့်တင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများလည်း ဆောင်ရွက်လျှက်ရှိပါကြောင်း။

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ပုသိမ်-ကံကုန်း-မြင်းကဆိပ်-မြောင်းမြလမ်းပေါ်တွင် ယခင်က တည်ဆောက်ခဲ့သည့် ပမ္မဝတီတံတား (မြင်းကဆိပ်)ကြိုးတံတားဟောင်းသည် ကြံ့ခိုင်မှု အားနည်း လာသည့်အတွက် မူလကြိုးတံတားဟောင်းအား ဖြုတ်သိမ်း၍ ကျွမ်းကျင်ပညာရှင်များမှ ခေတ်မီ နည်းစနစ် တို့ကို အသုံးပြုပြီး အရှည် (၁၂၆၀)ပေ၊ အပေါ်ထည် Steel Box Girder သံကူ ကွန်ကရစ် ကြမ်းခင်း နှင့် အောက်ထည်အုတ်မြစ်ကို R.C.C Bored Pile ဖြင့် တည်ဆောက်ထားပြီး တံတား၏ ခံနိုင်ဝန်မှာ တန်(၆၀)ဖြစ်ပါကြောင်း။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြည်ထောင်စုရန်ပုံငွေ၊ တိုင်းဒေသကြီးရန်ပုံငွေ၊ နိုင်ငံတကာ အကူအညီ ချေးငွေများဖြင့် လမ်း၊ တံတားများကို တည်ဆောက်ပေးလျက်ရှိရာ ယနေ့အထိ  လမ်းမိုင် (၁၈၈၅)မိုင်ကျော် ဖောက်လုပ်ထိန်းသိမ်းထားပြီး ပေ (၁၈၀)နှင့်အထက် တံတားကြီး (၁၀၉)စင်း ကိုလည်း တည်ဆောက်နိုင်ခဲ့ပါကြောင်း၊ ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်းမှာလည်း ပေ(၁၈၀) နှင့် အထက် တံတား (၁၂)စင်းနှင့် ပေ(၁၈၀)အောက် တံတား(၇)စင်း စုစုပေါင်း(၁၉)စင်း ကိုလည်း တည်ဆောက်လျက် ရှိပါကြောင်း၊ ယခုတံတားကြီးကို ဖွင့်လှစ်ပေးသည့်အတွက် ဒေသခံပြည်သူများ အနေဖြင့် တံတားကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းသွားရန်လိုပါကြောင်း ပြောကြားပါသည်၊၊

ထို့နောက် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ယခင်က လမ်းပန်းဆက်သွယ်ရေးအနေဖြင့် ရေလမ်းကြောင်းကိုသာ အဓိက အားထားခဲ့ရသော်လည်း ယခုအခါ တိုင်းဒေသကြီး၏ ဒေသအသီးသီးသို့ ကုန်းလမ်းခရီးဖြင့် အချိန်တိုအတွင်း လွယ်ကူ အဆင်ပြေစွာ သွားလာနိုင်ရန်အတွက် လမ်းများဖောက်လုပ်ခြင်း၊ အဆင့်မြှင့်တင်ခြင်းနှင့် တံတားများ တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယနေ့ဖွင့်လှစ်သည့် တံတားကြီးကိုအသုံးပြုပြီး ဒေသထွက်ကုန်များကိုအချိန်တိုအတွင်း သယ်ယူပို့ဆောင်နိုင်မှာဖြစ်သလိုဒေသခံပြည်သူများ၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတို့ အဖက်ဖက်မှ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း။     ယခုတံတားကြီးကို ဖွင့်လှစ်လိုက်သည့်အတွက် ပုသိမ်မြို့မှ မြောင်းမြမြို့နယ်၊ ဝါးခယ်မမြို့နယ်၊ ဘိုကလေးမြို့နယ်၊ ဖျာပုံမြို့နယ် တို့မှ တစ်ဆင့်ရန်ကုန်တိုင်းဒေသကြီးသို့ အချိန်တိုအတွင်း အလွယ်တကူ ဆက်သွယ်သွားလာနိုင်ပြီး ဒေသထွက်ကုန်များကို သယ်ယူပို့ဆောင်နိုင်သလို ပြည်ပနိုင်ငံများအထိ တင်ပို့ရောင်းချနိုင်မှာဖြစ်၍ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း၊ ဤတံတားကြီး ရေရှည် တည်တံ့ခိုင်မြဲရေးအတွက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဒေသခံ ပြည်သူများနှင့်အတူ ဝိုင်းဝန်း ထိန်းသိမ်း စောင့်ရှောက်သွားမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ဆက်လက်၍ ဒေသခံပြည်သူတစ်ဦးက တံတားကြီးဖွင့်လှစ်ပေးသည့်အတွက် ဒေသခံပြည်သူများကိုယ်စား ကျေးဇူးတင်ရှိပါကြောင်းနှင့် တံတားကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဝိုင်းဝန်း စောင့်ရှောက် ထိန်းသိမ်းသွားမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။

ထို့နောက် ပမ္မဝတီတံတား(မြင်းကဆိပ်)ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်ဝန်ကြီး ဦးမျိုးသန့်၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်း ဓါတ်ပုံရိုက်ကြသည်။

ယင်းနောက် ပမ္မဝတီတံတား(မြင်းကဆိပ်)ကမ္ပည်းမော်ကွန်းကျောက်စာတိုင်အား နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင် တို့က စက်ခလုတ်နှိပ် ဖွင့်လှစ်ပေး၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးပြီး တံတားကြီးပေါ်မှ ဖြတ်သန်း ကြည့်ရှု စစ်ဆေးပါသည်။

ပမ္မဝတီတံတား(မြင်းကဆိပ်)သည် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ပုသိမ်-ကံကုန်း-မြင်းကဆိပ်-မြောင်းမြလမ်းပေါ်ရှိ မြင်းကဆိပ်မြစ်ပေါ်တွင် တည်ဆောက်ထားပြီး တံတားအရှည် (၁၂၆၀)ပေ၊ ယာဉ်သွားလမ်းအကျယ် (၂၄)ပေ နှစ်လမ်းသွား၊ တံတားအမျိုးအစားမှာ အပေါ်ထည် Steel Box Girder  ၊ သံကူကွန်ကရစ်ကြမ်းခင်း၊ အောက်ထည်အုတ်မြစ်ကို R.C.C Bored Pile ဖြင့် တည်ဆောက်ထားပြီး တံတား၏ ခံနိုင်ဝန်မှာ တန်(၆၀)ဖြစ်ကြောင်း သိရှိရပါသည်။