၁၄၈ နှစ်မြောက် ကမ္ဘာ့စာပို့တိုက်နေ့ အခမ်းအနားကျင်းပ

၂၀၂၂ ခုနှစ် အောက်တိုဘာလ () ရက်နေ့တွင် ကျရောက်သော (၁၄၈) နှစ်မြောက်ကမ္ဘာ့ စာပို့တိုက်နေ့အထိမ်းအမှတ်အခမ်းအနား နှင့် ကမ္ဘာ့စာပို့တိုက်သမဂ္ဂ၏ ( ၅၁ ) ကြိမ်မြောက် အသက် ( ၁၅ ) နှစ်နှင့်အောက် နိုင်ငံတကာလူငယ်များ ပေးစာရေးပြိုင်ပွဲအတွက် ( ပြည်တွင်းအဆင့် ) တွင် ဆုရရှိသောကျောင်းသား/သူများအား ဆုပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၁၂) ရက်နေ့ နံနက် နာရီခွဲအချိန်တွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပခဲ့ပါသည်။

အခမ်းအနားတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်းမှ အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသည့် အခမ်းအနားသည် ကမ္ဘာ့ စာပို့တိုက်သမဂ္ဂ (Universal Postal Union-UPU) ၏ (၁၄၈) နှစ်ပြည့်အခမ်းအနားဖြစ်ပါကြောင်း ကမ္ဘာ့စာပို့တိုက်သမဂ္ဂ(ယူပီယူ)တွင် အဖွဲ့ဝင် ၁၉၂ နိုင်ငံရှိပြီး ကမ္ဘာတစ်ဝန်းတွင် စာပို့တိုက်စခန်း ပေါင်း ၆၀၀,၀၀၀ ကျော်ကို ချိတ်ဆက်ပေးထားသည့် တစ်ခုတည်းသော ကမ္ဘာ့စာပို့တိုက်ကွန်ရက် အဖြစ်ရပ်တည်လျက်ရှိနေပါကြောင်း ဒီဂျစ်တယ်နည်းပညာ နှင့် အိုင်စီတီနည်းပညာဖွံ့ဖြိုးတိုးတက်မှု များက ကမ္ဘာတစ်ဝန်းရှိ စာပို့တိုက်လုပ်ငန်းများအပေါ် အကျိုးသက်ရောက်မှုရှိကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အိုင်စီတီနှင့် ဒီဂျစ်တယ်နည်းပညာများ၏ အကူအညီနှင့် သမာရိုးကျစာပို့တိုက်ဝန်ဆောင်မှုလုပ်ငန်း၊ ( Traditional Post ) မှ ခေတ်မီစာပို့တိုက်ဝန်ဆောင်မှု ( Postal Modernization ) ကိုပြောင်းလဲနိုင်ခဲ့ပြီး ထပ်ဆောင်းဝန်ဆောင်မှု (Value Added Services) ကို ဆောင်ရွက်ပေးနိုင်သည့်အတွက် စာပို့တိုက်လုပ်ငန်းများတွင် ဝင်ငွေများတိုးတက်လာသည်ကို တွေ့ရပါကြောင်း၊ စက်မှုနည်းပညာ တိုးတက်ပြောင်းလဲလာမှုနှင့်အတူ သဘာဝဂေဟစနစ် ပျက်ဆီးလာမှုကို ကြုံတွေ့လာ၍ ယူပီယူမှ ယခုနှစ်တွင် ကမ္ဘာ့စာပို့တိုက်နေ့ဆောင်ပုဒ်ကို Post for Planet “ကမ္ဘာမြေအတွက် စာပို့တိုက်” ဟု ရွေးချယ်ထားပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အသိပေးဆောင်ရွက်နေသည်ကို ပြောကြားလိုပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန အောက်ရှိ မြန်မာ့စာတိုက်လုပ်ငန်းမှလည်း ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မွန်ပြည်နယ်များတွင် စာတိုက်များမှ စာပို့ / စာဝေချောလမ်းကြောင်းများကို E-Bikes ကို သုံးစွဲ၍ ကာဗွန်ထုတ်လွှတ်မှု လျော့နည်းရေး နှင့် လောင်စာဆီအသုံးပြုမှု လျော့ချနိုင်လာသည်ကို တွေ့မြင်ရမည်ဖြစ်ပါကြောင်း မြန်မာနိုင်ငံ၏  စာတိုက်ဝန်ဆောင်မှုလုပ်ငန်းအား  ခေတ်မီစာပို့တိုက်ဝန်ဆောင်မှုဖြင့်  ပြုပြင်ပြောင်းလဲလာပြီး နိုင်ငံ၏ နေ့ထူး / နေ့မြတ်များနှင့် အထိမ်းအမှတ်များအတွက် အထူးထုတ်တံဆိပ်ခေါင်းများ ထုတ်ဝေနိုင်ခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ကမ္ဘာ့စာပို့တိုက်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပါသည်။ ထို့နောက် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ဆွစ်ဇာလန်နိုင်ငံအခြေစိုက် ကမ္ဘာ့စာပို့တိုက်သမဂ္ဂဌာနချုပ် (UPU) ညွှန်ကြားရေးမှူးချုပ်ထံမှ ပေးပို့လာသည့် ၂၀၂၂ ခုနှစ် ကမ္ဘာ့စာပို့တိုက်နေ့သဝဏ်လွှာကို ဖတ်ကြားခဲ့ပြီးနောက် ကမ္ဘာ့စာပို့တိုက်နေ့အထိမ်းအမှတ် မှတ်တမ်း Video Clip ကိုပြသခဲ့ပါသည်။

ဆက်လက်၍ ကမ္ဘာ့စာပို့တိုက်နေ့အထိမ်းအမှတ်အခမ်းအနားတွင် ( ၅၁ ) ကြိမ်မြောက် အသက် ( ၁၅ ) နှစ်နှင့်အောက် နိုင်ငံတကာလူငယ်များပေးစာရေးပြိုင်ပွဲ ( ပြည်တွင်းအဆင့် ) ၌ ပထမဆုရရှိသော နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်မှ မောင်မိုးထက်အောင်၊ ဒုတိယဆုရရှိသော နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ပျဉ်းမနားမြို့မှ မသက်မှူးခင်၊ တတိယဆုရရှိသော မကွေးတိုင်းဒေသကြီး၊ မကွေးမြို့မှ မခင်ခင်ဦးသာ၊ အထူးဆုများရရှိသော ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှ မောင်ဘုန်းမော်ရွှေ နှင့် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်မှ မပွင့်ဝေဖူး တို့ကို ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ယင်းနောက် ( ၅၁ ) ကြိမ်မြောက် နိုင်ငံတကာလူငယ်များ ပေးစာရေးပြိုင်ပွဲ ( ပြည်တွင်း အဆင့် ) ဆုရရှိသူများ ကိုယ်စား ပထမဆုရှင် မောင်မိုးထက်အောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပါသည်။

ထို့နောက် အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးက အစည်းအဝေးသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ပြီး တာဝန်ရှိသူများ ဆုရကျောင်းသား / သူများ နှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ပါသည်။ ထို့နောက် (၁၄၈) နှစ်မြောက် ကမ္ဘာ့စာပို့တိုက်နေ့ အထိမ်းအမှတ်ပြခန်းတွင် မှတ်တမ်းဓါတ်ပုံများနှင့် ပြခန်း၊ ပြကွက်များကို ကြည့်ရှုအားပေး၍ လိုအပ်သည်များ မှာကြားခဲ့ပါသည်။

(၁၄၈) နှစ်မြောက် ကမ္ဘာ့စာပို့တိုက်နေ့အခမ်းအနားကို ကမ္ဘာအနှံ့ရှိ ကမ္ဘာ့စာပို့တိုက်သမဂ္ဂ အဖွဲ့ဝင်နိုင်ငံများက နိုင်ငံအလိုက်အသီးသီးကျင်းပခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့်လည်း ကမ္ဘာ့စာပို့တိုက်နေ့ အခမ်းအနားကို ၁၉၈၆ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပလာခဲ့ခြင်းဖြစ်ပါသည်။