(၁၈) ကြိမ်မြောက် အာဆီယံ ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဆိုင်ရာ ဝန်ကြီးများအစည်းအဝေးသို့ ဒုတိယဝန်ကြီး ဦးသာဦး တက်ရောက်

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦး သည် (၁၈) ကြိမ်မြောက် အာဆီယံ ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဆိုင်ရာ ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်၍ အာဆီယံနိုင်ငံများအတွင်း ဒစ်ဂျစ်တယ် အီကိုစနစ်များ ပေါင်းစပ်ဆောင်ရွက်နိုင်ရေး၊ မျှတသော ဒစ်ဂျစ်တယ် ပလက်ဖောင်း မူဝါဒများချမှတ်နိုင်ရေး၊ ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာစွမ်းဆောင်ရည်များ မြင့်မားလာစေရန် ပြုစုပျိုးထောင်နိုင်ရေး၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာအစီအမံများ အားကောင်း လာနိုင်စေရေး ဆက်လက်ဆောင်ရွက် သွားနိုင်ရေး ကိစ္စရပ်များအား အခြားအာဆီယံ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ ဝန်ကြီးများနှင့်အတူ ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်း ဖလှယ်၍ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေး ပြောကြားခဲ့ပါသည်။

အဆိုပါအစည်းအဝေးကို  အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းရှိ Ubud  မြို့တွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၅) ရက်မှ (၆) ရက်နေ့အထိ ကျင်းပခဲ့ပြီး အာဆီယံနိုင်ငံများမှ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများနှင့် အာဆီယံ ဆက်သွယ်ရေးကဏ္ဍ ဆွေးနွေးဘက် နိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံ တို့မှ ဒုတိယဝန်ကြီးများ၊ အပြည်ပြည်ဆိုင်ရာကြေးနန်းအဖွဲ့ချုပ် (ITU) မှ အထွေထွေ အတွင်းရေးမှူးချုပ်၊ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် အာဆီယံနိုင်ငံများအတွင်း ဆက်သွယ်ရေးနှင့် သတင်းအချက် အလက်ကဏ္ဍ ဖွံဖြိုးတိုးတက်မှုများနှင့် ပြောင်းလဲတိုးတက်လာသည့် နည်းပညာဆိုင်ရာ ကိစ္စရပ်များအပေါ် အမြင်များ ဆွေးနွေးဖလှယ်ခြင်း၊ ၂၀၁၈ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှုများအပေါ် ဆွေးနွေးအတည်ပြုခြင်း၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးအတည်ပြုထုတ်ပြန်ခြင်း၊ ဆွေးနွေးဘက် နိုင်ငံများ ဖြစ်သည့် တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံများနှင့် ဆောင်ရွက်လျက် ရှိသည့် လုပ်ငန်းများ အပေါ် ဆွေးနွေးအတည်ပြုခြင်း၊ အပြည်ပြည်ဆိုင်ရာ ကြေးနန်း ဆက်သွယ်ရေး အဖွဲ့ချုပ် (ITU) နှင့် အာဆီယံနိုင်ငံများအကြား ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးအတည်ပြုခြင်း၊ ASEAN ICT Award 2018 အတွက် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းနှင့် Ubud ကြေညာစာတမ်း ထုတ်ပြန်ခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

အဆိုပါ ASEAN ICT Award 2018 ပြိုင်ပွဲအား ကဏ္ဍ(၆)ခုဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ မြန်မာနိုင်ငံအနေဖြင့် အဖွဲ့(၇)ဖွဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ရာ CSR(Cooperate Social Responsi-bility) ကဏ္ဍတွင် OnDoctor Application ဖြင့်လည်းကောင်း၊ Startup ကဏ္ဍ တွင် Shwe Bite Application ဖြင့်လည်းကောင်း ရွှေတံဆိပ်ဆုတစ်ခုစီ ရရှိခဲ့ကြ ပါသည်။

ဒုတိယဝန်ကြီးသည် ခရီးစဉ်အတွင်း ဗီယက်နမ်နိုင်ငံ Ministry of Information and Communications  မှ ဝန်ကြီး H.E. Nguyen Manh Hung၊ ဂျပန်နိုင်ငံ Ministry of Internal Affairs and Communications မှ ဒုတိယ ဝန်ကြီး H.E. Katsuya Watanabe နှင့် လည်းကောင်း ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Ministry of Industry and Information Technology မှ ဒုတိယဝန်ကြီး H.E Chen Zhaoxiong တို့နှင့် သီးခြားစီတွေ့ဆုံ၍ နှစ်နိုင်ငံများ အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသော ဆက်သွယ်ရေးနှင့် အိုင်စီတီကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာကိစ္စရပ်များ၊ စာပို့တိုက်ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြောင်း သတင်း ရရှိပါသည်။ ၄င်းအပြင် ဒုတိယဝန်ကြီးသည် Facebook  မှတာဝန်ရှိ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံ၍ ဆိုရှယ်မီဒီယာ အသုံးပြုသူများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှု ကိစ္စရပ်များ မြှင့်တင်နိုင်ရေး၊ အမုန်းစကား ဖြန့်ဝေမှုများ လျှော့ချတားဆီးနိုင်ရေး၊ မြန်မာယူနီကုဒ်စနစ် သုံးစွဲနိုင်ရေး ကိစ္စများကိုလည်းကောင်း၊ US-ASEAN Business Council (USABC) မှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံ၍ Data ​Classification  သတ်မှတ်ရန်ကိစ္စရပ်များ၊ Data Privacy နှင့် Data များကို အကျိုးရှိစွာ ရယူသုံးစွဲ နိုင်ရေးအတွက် ဥပဒေကြောင်းဆိုင်ရာ ဆောင်ရွက်နေမှုများနှင့် ပူးပေါင်းဆောင်ရွက် သွားနိုင်မည့် အခြေအနေများကိုလည်းကောင်း ဆွေးနွေးခဲ့ကြောင်း သတင်း ရရှိပါသည်။