(၅၃) ကြိမ်မြောက် နိုင်ငံတကာလူငယ်များပေးစာရေးပြိုင်ပွဲ (ပြည်တွင်းအဆင့်) ဆုရရှိသူများ အမည်စာရင်းကြေညာခြင်း

 

         ကမ္ဘာ့စာပို့တိုက်သမဂ္ဂ (ယူပီယူ) တည်ထောင်သည့် ၁၈၇၄ ခုနှစ်၊ အောက်တိုဘာလ (၉) ရက်နေ့မှစ၍ နှစ်စဉ်အောက်တိုဘာလ (၉) ရက်နေ့ကို ကမ္ဘာ့စာပို့တိုက်နေ့အဖြစ် သတ်မှတ်၍ အထိမ်းအမှတ် အခမ်းအနားများကျင်းပခဲ့ရာ အဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့်လည်း နှစ်စဉ် ပါဝင်ကျင်းပလျှက်ရှိပါသည်။ ကမ္ဘာ့စာပို့တိုက်သမဂ္ဂ နှင့် ကုလသမဂ္ဂ၏ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့အစည်း (UNESCO) တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ၁၉၇၁ ခုနှစ်မှ စတင်၍ အသက် (၁၅) နှစ်နှင့်အောက် နိုင်ငံတကာလူငယ်များပေးစာရေးပြိုင်ပွဲကို ကမ္ဘာနှင့်တဝှမ်း နှစ်စဉ် ကျင်းပလေ့ရှိရာ ယခု ၂၀၂၄  ခုနှစ်တွင် (၅၃) ကြိမ်မြောက် ရောက်ရှိခဲ့ပြီဖြစ်ပါသည်။

          ၂၀၂၄ ခုနှစ် ကမ္ဘာ့စာပို့တိုက်နေ့အထိမ်းအမှတ်အဖြစ် ကျင်းပသော အသက်(၁၅)နှစ်နှင့် အောက်  နိုင်ငံတကာလူငယ်များ ပေးစာရေးပြိုင်ပွဲကို မြန်မာနိုင်ငံမှ ကျောင်းသား/ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၂၇-၁-၂၀၂၄) ရက်နေ့ တွင် မြန်မာနိုင်ငံတဝှမ်းရှိ အခြေခံပညာကျောင်းများတွင် ကျင်းပခဲ့ပါသည်။ ပြိုင်ပွဲဝင်ရမည့်ခေါင်းစဉ်မှာ  "Write a letter to future generations about the world you hope they inherit." (မျိုးဆက်သစ်များဆက်ခံမည့် သင်မျှော်လင့်ထားသည့် ကမ္ဘာကြီးအကြောင်းကို အနာဂါတ် မျိုးဆက်သစ်များထံသို့ ပေးစာတစ်စောင်ရေးသားရန်) ဖြစ်ပြီး အခြေခံပညာအဆင့်တွင် ဖြေဆိုသူ ကျောင်းသား / သူ စုစုပေါင်း (၂၀၇) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။

           ဆက်လက်၍ ရရှိလာသည့် ပြိုင်ပွဲဝင်စာမူ (၃၅) စောင်ကို ပညာရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနတို့မှ ပူးပေါင်းပါဝင်သည့် အကဲဖြတ်အဖွဲ့ဖြင့် စိစစ်အကဲဖြတ်ခဲ့ပြီး ပြည်တွင်းအဆင့် ပထမဆုကို ပဲခူးတိုင်းဒေသကြီး၊ အ-ထ-က(၃) ပဲခူးမြို့နယ်၊ Grade-5 မှ မအံ့မီမီကို ကလည်းကောင်း၊ ဒုတိယဆုကို ရန်ကုန်တိုင်းဒေသကြီး၊ အ-ထ-က (၂) ဗိုလ်တထောင်မြို့နယ်၊ Grade-6 မှ မရည်မွန်ထွန်း ကလည်းကောင်း၊ တတိယဆုကို မွန်ပြည်နယ်၊ အ-ထ-က(ခွဲ) အ-လ-က(၄) မော်လမြိုင်မြို့နယ်၊ Grade-8 မှ မမေဖူးဖူးသွယ် တို့ကလည်းကောင်း ရရှိခဲ့ပါကြောင်း သိရှိခဲ့ပါသည်။ အဆိုပါအကဲဖြတ်အဖွဲ့၏ စိစစ်ရွေးချယ်ချက်အရ ပြည်တွင်းအဆင့် ပထမဆုရစာမူကို ယူပီယူမှကျင်းပသည့် နိုင်ငံတကာလူငယ်များပေးစာရေးပြိုင်ပွဲသို့   ပေးပို့ယှဉ်ပြိုင်ထားပြီးဖြစ်ပါကြောင်း ထုတ်ပြန်ကြေညာပါသည်။