(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ စေတနာသွေးလှူရှင်များ စုပေါင်းသွေးလှူဒါန်းမှုအား ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ကြည့်ရှုအားပေး

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၀

(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဝန်ထမ်းများသည် ယနေ့ နေပြည်တော်၊ ရန်ကုန် နှင့် မန္တလေးမြို့တို့တွင် စုပေါင်းပြီး သွေးလှူဒါန်းမှု ပြုလုပ်ခဲ့ရာ နေပြည်တော် ကုတင်(၁၀၀၀) အထွေထွေရောဂါကုဆေးရုံကြီးသို့ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း သွားရောက် ကြည့်ရှုအားပေးပါသည်။

စုပေါင်းသွေးလှူဒါန်းမှု ပြုလုပ်ရာ၌ နေပြည်တော်တွင် (၄၃)ဦး၊ ရန်ကုန်မြို့တွင် (၁၅၃)ဦးနှင့် မန္တလေးမြို့တွင် (၂၇)ဦး၊ သွေးလှူရှင် စုစုပေါင်း (၂၂၃)ဦးတို့က ပါဝင်လှူဒါန်းခဲ့ပြီး အဆိုပါ သွေးလှူဒါန်းပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီးများ၊ ဌာနကြီးမှူးများ၊ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး သွေးလှူဒါန်းနေမှုများကို လိုက်လံကြည့်ရှု အားပေးကာ စားသောက်ဖွယ်ရာနှင့် ဆေးဝါးများ လက်ဆောင် ပေးအပ်ခဲ့ပါသည်။

ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက သွေးလှူဒါန်းမှုအတွက် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ပြီး၊ ဒုတိယဝန်ကြီးချုပ်က အမှတ်တရ လက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့ပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် နိုင်ငံတစ်ဝန်း စုပေါင်းသွေးလှူဒါန်းခြင်း အစီအစဉ်များကို ၂၀၁၆ ခုနှစ်မှ စတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ယခုအကြိမ်မှာ (၁၀) ကြိမ်မြောက် စုပေါင်းလှူဒါန်းခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန