“Consultative Workshop on Myanmar e-Governance Master Plan 2030 (မူကြမ်း)" အလုပ်ရုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်

နေပြည်တော်

မြန်မာနိုင်ငံတွင် e-Government လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေးအတွက် အစိုးရအုပ်ချုပ်ရေးယန္တရားတွင် ပါဝင်သည့် အစိုးရအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ အသီးသီးမှ လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်၍ Consultative Workshop on Myanmar e-Governance Master Plan 2030 (မူကြမ်း)" အလုပ်ရုံ ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ် (၂) အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။

အခမ်းအနား၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး က ယနေ့ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီးသည် အုပ်ချုပ်မှု၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အစရှိသော ကဏ္ဍအသီးသီးတွင် Digital Transformation ကို ဦးစားပေးပြီး အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ Digital Transformation ခရီးအား အောင်မြင်စွာ လျှောက်လှမ်းနိုင်ရန် အတွက် e-Government အား မဖြစ်မနေ ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ယခင်က ရေးဆွဲခဲ့ပြီးဖြစ်သော Myanmar e-Governance Master Plan (2016-2020) တွင် ပါဝင်သော e-Government လုပ်ငန်းများအား ထိရောက်စွာ ကြီးကြပ်ကွပ်ကဲသွား နိုင်ရန်အတွက် e-Government ဦးဆောင်ကော်မတီအား ၂၀၁၈ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဧပြီလနှင့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတို့တွင် ပြန်လည် ပြင်ဆင်ဖွဲ့စည်း၍ e-Government စနစ် ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုကဲ့သို့ စဉ်ဆက်မပြတ် ကြိုးပမ်း ဆောင်ရွက်ခဲ့ခြင်း၏ ရလဒ်အနေဖြင့် မြန်မာနိုင်ငံသည် ကမ္ဘာ့ကုလသမဂ္ဂ၏ E-Government Development Index (EGDI) တွင် အလယ်အလတ် အဆင့်သို့ ကူးပြောင်းနိုင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံသည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်း ၁၉၃ နိုင်ငံအနက် ၂၀၁၆ ခုနှစ်တွင် အဆင့် ၁၆၉ ရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် အဆင့် ၁၃၄ သို့ ရောက်ရှိလာပြီး အဆင့် ၃၅ ဆင့် တိုးတက်လာခဲ့ပါကြောင်း၊ ၎င်းတိုးတက်မှုများသည် ထင်ရှားသော ရလဒ်ကောင်း များဖြစ်သည့်အတွက် ဆက်လက်ထိန်းသိမ်း သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ယနေ့ကမ္ဘာ့နိုင်ငံအများစုသည် e-Government ကို ကျော်လွန်ပြီး Digital Government ကို ဦးတည်လျှောက်လှမ်းနေကြပြီဖြစ်၍ မြန်မာနိုင်ငံသည်လည်း ယခုအချိန်မှစ၍ Digital Government ကို ဦးတည်ချည်းကပ် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်သွားနိုင်ရန် အဓိကလိုအပ်ချက် တစ်ခုဖြစ်သော တစ်မျိုးသားလုံးနှင့်သက်ဆိုင်သည့် National Strategic Vision ကို ချမှတ် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကမ္ဘာတစ်ဝန်း လျင်မြန်စွာ ပြောင်းလဲတိုးတက်နေသည့် Digital World၊ New Digital trends များနှင့်အတူ နောက်ကျကျန်ခြင်း မရှိဘဲ လိုက်ပါဆောင်ရွက်နိုင်ရန် ယခင် e-Governance Master Plan ကို ဖြည့်စွက် မွမ်းမံပြင်ဆင်ပြီး ယခု Myanmar e-Governance Master Plan 2030 ရေးဆွဲခြင်းခဲ့ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုမူကြမ်းတွင် မျှော်မှန်းချက်၊ ရည်ရွယ်ချက်များ၊ မဟာဗျူဟာများ၊ လုပ်ငန်းစဉ် မူဘောင်များကို ထည့်သွင်း ရေးဆွဲထားပြီး ၂၀၃၀ ခုနှစ်အထိ ကာလတို၊ ကာလရှည် အချိန်အပိုင်းအခြားအလိုက် ဆောင်ရွက်ရန်လုပ်ငန်းများ၊ တည်ဆောက်သွားသင့်သော နည်းပညာအခြေခံအဆောက်အဦများ၊ ရေးဆွဲပြဌာန်းသင့်သော ICT ဆိုင်ရာ ဥပဒေ၊ မူဝါဒ၊ လမ်းညွှန်ချက်များနှင့် စံချိန်စံညွှန်း သတ်မှတ်ချက်များကိုလည်း ပြည့်စုံစွာ ထည့်သွင်းထား ပါကြောင်း၊ ၎င်းလုပ်ငန်း အစီအမံများကို ထိရောက်အကျိုးရှိစွာ စနစ်တကျ အကောင်အထည် ဖော်ဆောင်ခြင်းအားဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉) ရပ်ကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေး အထောက်အပံ့ကောင်းဖြစ်စေပြီး ရေရှည်တည်တံ့ ခိုင်မြဲသော၊ ဆန်းသစ်တီထွင်မှုများနှင့် အားလုံးပါဝင်နိုင်သည့် အခြေအနေများကို လမ်းဖွင့်ပေး ထားသော၊ နိုင်ငံတကာ/ အာဆီယံ အသိုက်အဝန်းများနှင့် ပေါင်းစည်းသော Digital Economy ဖွံ့ဖြိုးတိုးတက်မှုကို ရရှိလာမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့် အစီအမံတစ်ခု ဖြစ်သည့် Myanmar e-Governance Master Plan 2030 မူကြမ်း အပေါ်တွင် ယခုအလုပ်ရုံဆွေးနွေးပွဲမှ ကောင်းမွန်သည့် အကြံပြုချက်များ၊ ရလဒ်ကောင်းများ ဖော်ထုတ်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ e-Government ဌာန၊ ညွှန်ကြားရေးမှူးက Myanmar e-Governance Master Plan 2030 (မူကြမ်း) တွင် ပါဝင်သော လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသည့် အစိုးရအဖွဲ့အစည်းများ၏ Chief Information Officer (CIO) များမှ အကြံပြုဆွေးနွေးခဲ့ကြပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ သက်ဆိုင်ရာဝန်ကြီးဌာနများမှ  ပြည်ထောင်စုဝန်ကြီးများ၊  ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့တို့မှ Chief Information Officer (CIO) များ တက်ရောက်ခဲ့ကြပြီး ညနေ (၄:၃၀) တွင် အလုပ်ရုံဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။