5th China- ASEAN Information Harbor Forum အခမ်းအနားသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး က ဗွီဒီယိုမိန့်ခွန်း ပေးပို့ပြောကြား

 

     5th China- ASEAN Information Harbor Forum ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Cyberspace Administration ၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲ‌ရေးကော်မရှင်၊ စက်မှုနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစိုးရတို့ ပူးပေါင်း၍ ယနေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ နန်နင်းမြို့၌ ကျင်းပသည်။

     အခမ်းအနားတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ဗီဒီယိုမိန့်ခွန်း ပြောကြားရာ၌ China – ASEAN  Information Harbor Forum ကို ၂၀၁၅ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ယနေ့ ကျင်းပသည့် ဖိုရမ်သည် ပဥ္စမအကြိမ်မြောက် ကျင်းပသည့် ဖိုရမ်ဖြစ်ကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများအကြား သတင်းအချက်အလက်များကို မျှဝေဖလှယ်နိုင်ပြီး ဒီဂျစ်တယ် စီးပွားရေး၊ ဒီဂျစ်တယ်အသွင် ကူးပြောင်းခြင်းနှင့် cyberspace စသည့် အမျိုးမျိုးသော နယ်ပယ်များတွင် ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ရှာဖွေနိုင်သည့် အရေးကြီးသော နေရာတစ်ခု ဖြစ်လာပါကြောင်း၊ ဒီဂျစ်တယ် နည်းပညာနှင့်ဝန်ဆောင်မှုများသည် နယ်နိမိတ် ကန့်သတ်ချက် မရှိသော သဘောသဘာဝ ရှိသည့်အတွက် ဒီဂျစ်တယ် အသွင်ကူးပြောင်းခြင်း အကျိုးကျေးဇူးများကို အမြင့်ဆုံး ရရှိခံစားနိုင်ရန်နှင့် စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် အတွက် ပူးပေါင်းလုပ်ဆောင်ကြရန် လိုအပ်ပါကြောင်း၊ ယခုနှစ် ဖိုရမ်၏ ဆောင်ပုဒ်ဖြစ်သည့် “ဒစ်ဂျစ်တယ်ပိုးလမ်းမအား ပူးပေါင်း တည်ဆောက်ခြင်းဖြင့် မျှဝေခံစားနိုင်မည့် ဒီဂျစ်တယ် အနာဂတ်ဆီသို့မှာ ယနေ့ အခြေအနေများနှင့်လည်း ကိုက်ညီမှုရှိပါကြောင်း ပြောကြားခဲ့ပါသည်။

    ၎င်းအပြင် ဒီဂျစ်တယ်အသွင် ကူးပြောင်းခြင်းကို အကောင်အထည်ဖော် ဆောင်ရွက် လာသည်နှင့်အမျှ နိုင်ငံသားများနှင့် ၎င်းတို့၏ အကျိုးစီးပွားကို အကာအကွယ်ပေးရန် အရေးကြီးပါကြောင်း၊ ဆိုရှယ် မီဒီယာပလက်ဖောင်းများပေါ်ရှိ မဟုတ်မမှန်သော သတင်းနှင့် အမုန်းစကားများ၊ ဆိုက်ဘာ တိုက်ခိုက်မှုများနှင့် ဆိုက်ဘာလိမ်လည်မှုများမှာ ပိုမိုများပြား လာပါကြောင်း၊ ဖိုရမ်တွင် ၎င်းအခက်အခဲများကို ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ဆွေးနွေးကြရန် မျှော်လင့်ပါကြောင်း၊ ထို့ပြင် ပုဂ္ဂိုလ်ရေးအချက်အလက်များနှင့် အရေးကြီးသည့် အချက်အလက်များ ကာကွယ်ရေး ကိစ္စရပ်သည်လည်း ဤဖိုရမ်တွင် ဆွေးနွေးသင့်သော အရေးကြီးသည့် အကြောင်းအရာတစ်ခု ဖြစ်ပါကြောင်းနှင့် အရေးပါသည့် အခြေခံအဆောက်အဦ ကာကွယ်ခြင်း တွင်လည်း ပူးပေါင်း ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

     ထို့နောက် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးနှင့် အိုင်စီတီကဏ္ဍဖွံ့ဖြိုးတိုးတက်မှုအခြေအနေ များနှင့် ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ၏ ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားခဲ့ပြီး အာဆီယံနှင့် မြန်မာနိုင်ငံအပေါ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ပံ့ပိုးကူညီမှုများ အတွက်  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရကိုယ်စား တရုတ်ပြည်သူ့သမ္မတနိုင်ငံအား ကျေးဇူးတင်ရှိပါကြောင်းနှင့် အနာဂတ်တွင်လည်း ပိုမိုခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုကို မျှော်လင့်ပါကြောင်း ပြောကြားပါသည်။

     တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ဒီဂျစ်တယ်စီးပွား‌ရေးကဏ္ဍတွင် အာဆီယံနိုင်ငံများနှင့် အတူ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ အတွေးအမြင်များ ပိုမိုဖလှယ်နိုင်ရေးနှင့် နှစ်ဦးနှစ်ဖက် မိတ်ဖက် ဆက်ဆံရေးကို ချဲ့ထွင်နိုင်ရေးတို့အတွက်  ပထမအကြိမ် China- ASEAN Information Harbor Forum ကို ၂၀၁၅ ခုနှစ်တွင်လည်းကောင်း၊ ဒုတိယအကြိမ်ကို ၂၀၁၆ ခုနှစ်တွင်လည်းကောင်း၊ တတိယအကြိမ်ကို ၂၀၁၈ ခုနှစ်တွင် လည်းကောင်း၊ စတုတ္ထအကြိမ်ကို ၂၀၂၀ ခုနှစ်တွင်လည်း ကောင်းကျင်းပခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါဖိုရမ်သို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ကော်မရှင်များမှ ဝန်ကြီးအဆင့် ပုဂ္ဂိုလ်များ၊ ဒစ်ဂျစ်တယ်စီးပွားရေးကဏ္ဍတွင် ထင်ရှား ကျော်ကြားသည့် ပညာရှင်များနှင့် ကျွမ်းကျင်သူများ တက်ရောက်ခဲ့ကြပြီး၊ အာဆီယံနိုင်ငံများမှ ဝန်ကြီးအဆင့် ပုဂ္ဂိုလ်များက ဗွီဒီယိုမိန့်ခွန်းများ ပေးပို့ပြောကြားခဲ့ကြောင်း သတင်း ရရှိပါသည်။