Legal Advisory for Elaboration of Cyber Legal and Policy Framework စီမံကိန်း၏ “Round Table Discssion and Survey အစည်းအဝေး” ကျင်းပပြုလုပ်ခြင်း

နေပြည်တော် ဒီဇင်ဘာလ ၇ ရက်

မြန်မာနိုင်ငံတွင် e-Government နှင့် e-Commerce လုပ်ငန်းများအား အောင်မြင်စွာ အကောင် အထည်ဖော် ဆောင်ရွက်သွားနိုင်ရန် လိုအပ်သော “e-Government, e-Commerce Cyber Security နယ်ပယ်များနှင့် သက်ဆိုင်သည့်  ဥပဒေနှင့် မူဝါဒများ (Cyber Law and Policies ) မူကြမ်း”ရေးဆွဲသွားနိုင်ရန် Legal Advisory for Elaboration of Cyber Legal and Policy Framework စီမံကိန်း၏ “Round Table Discssion and Survey အစည်းအဝေး”ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့ ၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၊ ရုံးအမှတ်(၂)၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ရာ  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးသန့်စင်မောင် တက်​ရောက် အဖွင့်မှာစကား ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် Digital Tools များကို အသုံးပြုမှု ပိုမို များပြားလာခြင်းနှင့် သတင်းအချက်အလက် နည်းပညာများအချိန်နှင့်အမျှ ဖွံ့ဖြိုးတိုးတက်လာခြင်း နှင့်အတူ ယနေ့ကမ္ဘာကြီး၏ အပြောင်းအလဲမှာ Digital ခေတ်ကို ထင်ဟပ်လာပြီး၊ ပြည်သူလူထုသို့ ကောင်းမွန်သော၊ လွယ်ကူလျှင်မြန်သော၊ အကျိုးရှိထိရောက်သော အီလက်ထရောနစ်ဝန်ဆောင်မှု များ ပေးနိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိ ကြပါကြောင်း၊ e-Government, e-Commerce နှင့် Cyber Security လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်းသည် နိုင်ငံ၏ စဉ်ဆက်မပြတ်ဖွံဖြိုး

တိုးတက်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော အခန်းကဏ္ဍတစ်ခုဖြစ်သည်ကို မြဲမြံစွာယုံကြည်ပါကြောင်း၊ ပြည်သူလူထုသို့ ယုံကြည်စိတ်ချရသော အီလက်ထရောနစ်ဝန်ဆောင်မှု များကို ထောက်ပံ့ပေးနိုင်ရန် e-Government Steering Committee ကို ဖွဲ့စည်းခဲ့ပြီး ASEAN Agreement on e-Commerce တွင်လည်း မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါ ကြောင်း၊ ယင်းမှာ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို များစွာ အကျိုးဖြစ်ထွန်းစေမည် ဖြစ်ပါကြောင်း၊ e-Government and e-Commerce platform များကို လွယ်ကူအဆင်ပြေ လုံခြုံစွာဖြင့် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရန် ဆိုက်ဘာလုံခြုံရေးသည် မရှိမဖြစ် လိုအပ်ပါကြောင်း၊ နိုင်ငံ၏ဒီဂျစ်တယ်ကူးပြောင်းမှု ခရီးစဉ်၏ ရည်မှန်းချက်ကို အောင်မြင်စွာ ရောက်ရှိရေး  ဝန်းကျင်ကောင်းတစ်ရပ် ဖန်တီးပေးနိုင်ရန်အတွက် Cyber Law ကို ပြဌာန်းပေးရမည် ဖြစ်ပါကြောင်း၊ အဆိုပါ မူဘောင်အား electronic services နှင့် cashless digital ecosystem ကို အားပေးမြှင့်တင်ရန်၊ နိုင်ငံ၏ Critical Information Infrastructure ကို ထိန်းသိမ်းကာကွယ်နိုင်ရန်၊  Personal Data များကို အလွဲသုံးစားပြုခြင်းမှ ကာကွယ်နိုင်ရန်၊ ဆိုက်ဘာရာဇဝတ်မှု ကျူးလွန်ခြင်းများကို အပြစ်ပေး အရေးယူနိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ရေးဆွဲသွားမည် ဖြစ်ပါကြောင်း၊  ပါဝင်ရေးဆွဲမည့် နယ်ပယ်များနှင့် သက်ဆိုင်သည့်  ဥပဒေ၊ မူဝါဒ၊ လုပ်ထုံးလုပ်နည်းများအား များအပေါ် ခွဲခြမ်း စိတ်ဖြာလေ့လာနိုင်ရေးအတွက် ယခုလို အစည်းအဝေးကျင်းပရခြင်း ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ နိုင်ငံ အတွက် အရေးပါသော  ဆိုက်ဘာဥပဒေ(မူကြမ်း) ကို သတ်မှတ်ထားသော စီမံကိန်းကာလအတွင်း အောင်မြင်ပြည့်စုံစွာ အပြီးသတ် ရေးဆွဲနိုင်ရေးအတွက် consultant firm ဖြစ်တဲ့ TRPC  မှ သတင်း အချက်အလက်များ မှန်ကန်စွာ ကောက်ယူပြီး ကြိုးပမ်းဆောင်ရွက်ပေးရန် တိုက်တွန်းပြောကြား လိုပါကြောင်းနှင့် တက်ရောက်လာသော ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများမှလည်း တိကျမှန်ကန် သည့် သတင်းအချက်အလက်များ ထောက်ပံ့ပေးနိုင်ပါရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် တိုက်တွန်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ဒေါ်နွယ်နီစိုးရင်မှ စီမံကိန်းဆိုင်ရာ အချက်အလက် များအား မိတ်ဆက်ရှင်းလင်း ဆွေးနွေး၍ စင်္ကာပူနိုင်ငံ၊ TRPC မှ အကြံပေး ပညာရှင်မှ Cyber Law နှင့်ပတ်သက်၍  International Best practice များအား ရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် TRPC မှ အကြံပေးပညာရှင်များသည် ဖိတ်ကြားထားသော ဝန်ကြီးဌာနအသီးသီးမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူအရာထမ်းများ၊ Private Sector များမှ ကျွမ်းကျင်ပညာရှင်များ၊ Telecom Operator များသည် TRPC မှ အကြံပေး ပညာရှင်များနှင့် ဆွေးနွေးခြင်း၊  စစ်တမ်း ကောက်ယူခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

အဆိုပါ အစည်းအဝေးသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊  ညွှန်ကြားရေးမှူးများ၊ ပြည်ထောင်စုအစိုးရဝန်ကြီးဌာနအသီးသီးမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူ အရာထမ်းများ၊  ပုဂ္ဂလိကကဏ္ဍမှ ကျွမ်းကျင်ပညာရှင်များ၊ Telecom Operator များနှင့် စင်္ကာပူနိုင်ငံ၊ TRPC မှ တာဝန်ရှိသူများ အသီးသီးတက်ရောက်ခဲ့ကြပါသည်။