သတင်းအချက်အလက်နည်းပညာနှင့်-ဆိုက်ဘာလုံခြုံရေးဦးစီးဌာန-လုပ်ငန်းစဉ်များ

သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၏ လုပ်ငန်းစဉ်များ

သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန/ လုပ်ငန်းစဉ်များ

၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအစိုးရ၏ အုပ်ချုပ်ရေး လုပ်ငန်းစဉ်များ၊ စီမံခန့်ခွဲမှု လုပ်ငန်းဆောင်တာများ၊ ဝန်ဆောင်မှုများအား ပိုမိုပွင့်လင်းမြင်သာစွာ၊ အဆင်ပြေ လွယ်ကူချောမွေ့စွာဖြင့် ပိုမိုကောင်းမွန်သော အုပ်ချုပ်မှုစနစ် အကောင်အထည်ဖေါ် ဆောင်ရွက်နိုင် ရန်အတွက်  သတင်းအချက်အလက် ဆက်သွယ်ရေး နည်းပညာ (ICT) အား အထောက်အကူပြု နည်းပညာ တစ်ရပ်အနေဖြင့် အသုံးပြု၍ e-Government စနစ် လုပ်ငန်းများအား အရှိန်အဟုန်မြှင့် အကောင်အထည်ဖေါ်ဆောင်ခြင်းနှင့် သတင်းအချက်အလက် လုံခြုံမှုစနစ် တည်ဆောက် အကောင်အထည်ဖေါ်ဆောင်ခြင်း လုပ်ငန်းများအား အကောင်အထည်ဖေါ်ဆောင်ရွက်သွားရန်ဖြစ်ပါသည်။

၂။ လက်ရှိအခြေအနေတွင် ဗဟိုရုံးများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ အသီးသီးတို့သည် သတင်းအချက်အလက် ဆက်သွယ်ရေးနည်းပညာ (ICT) အား အထောက်အကူပြု နည်းပညာတစ်ရပ်အနေဖြင့် အသုံးပြု၍ ဌာနတွင်း၊ ဌာနပြင်ပ ရုံးလုပ်ငန်းဆိုင်ရာ အုပ်ချုပ်မှုကိစ္စရပ်များ၊ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများအား e-Government လုပ်ငန်းစဉ်များအနေဖြင့် အကောင်အထည်ဖေါ်ဆောင်ရွက်လျက်ရှိပါသည်။

၃။ ထိုသို့ e-Government လုပ်ငန်းစဉ်များ ဝန်ဆောင်မှုပေးရာတွင်လည်း သတင်းအချက်အလက် လုံခြုံမှု ရှိစွာနှင့် နိုင်ငံတကာအဆင့်မီ စံနှုန်းဖြင့် ဝန်ဆောင်မှုပေးနိုင်ရန် လိုအပ်လျက်ရှိပါသည်။ ထိုသို့ ဆောင်ရွက် ပေးနိုင်မည်ဆိုပါက ပြည်သူတို့၏ လူမှုစီးပွားဘဝနှင့် ပညာရေး၊ ကျန်းမာရေး ကဏ္ဍာပေါင်းစုံ တိုးတက်မှု ပိုမို မြင့်တက်လာစေပြီး အခြား တစ်ဘက်တွင်လည်း ပွင့်လင်း မြင်သာမှု ရှိရှိဖြင့် နိုင်ငံတော် အစိုးရ၏ ဝန်ဆောင်မှုအပေါ်တွင် ယုံကြည်မှု ပိုမိုမြင့်တက်စေမည် ဖြစ်ပါသည်။ ထို့အပြင် နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုကိုလည်း မြင့်တက်စေမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဌာနဆိုင်ရာအသီးသီးမှ အကောင်အထည်ဖေါ် ဆောင်ရွက်ထားသည့် e-Government လုပ်ငန်းစဉ်များအား အကျိုးရှိရှိ ပေါင်းစပ် အသုံးပြုနိုင်ရေး၊ လုပ်ငန်းစဉ် အသစ်များအား လေ့လာ၍ စီမံကိန်းအသစ်များရေးဆွဲ အကောင်အထည်ဖေါ်ဆောင်ရေး၊ သတင်းအချက် အလက်ဆက်သွယ်ရေး နည်းပညာ (ICT) စံနှုန်းများ သတ်မှတ်နိုင်ရေး၊ လိုအပ်သည့် ဥပဒေများ ပြဌာန်းနိုင်ရေး၊ ပြဌာန်းထားသည့် ဥပဒေများ နှင့်အညီ သတင်းအချက်အလက် ဆက်သွယ်ရေးနည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးလုပ်ငန်းများ စနစ်တကျ ကြီးကြပ်၍ အကောင်အထည် ဖေါ်ဆောင်ရွက်နိုင်ရေးနှင့် အဖွဲ့အစည်း၊ ဌာနဆိုင်ရာအချင်းချင်းနှင့် သတင်းအချက်အလက် ဝန်ဆောင်မှုပေးသူတို့အား ညှိနှိုင်းဆောင် ရွက်ပေးနိုင်ရေးတို့အတွက် သတင်းအချက်အလက် ဆက်သွယ်ရေးနည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာနအား ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။