ဂျပန်နိုင်ငံ၊ NEC Corporation ကိုယ်စားလှယ်အဖွဲ့ အားလက်ခံတွေ့ဆုံ

၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ (၅)ရက် (အင်္ဂါနေ့) နံနက် (၁၀:၀၀) နာရီတွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ၀န်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဦးမြတ်ဟိန်း အား ဂျပန်နိုင်ငံ၊ NEC Corporation  မှ CEO Mr. Toshiya Matsuki ဦးဆောင်သော  ကိုယ်စားလှယ်အဖွဲ့က ပြည်ထောင်စုုဝန်ကြီးရုံး ဧည့်ခန်းမ တွင် လာရောက် ဂါရဝပြု တွေ့ဆုံခဲ့ပါသည်။

ဂါရဝပြု တွေဆုံပွဲ သို့ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ၀န်ကြီးဌာန ဒုတိယဝန်ကြီး ဦီးသောင်းတင်၊ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး  ဦးသန်းထွန်းအောင် နှင့် အခြား တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

တွေ့ဆုံပွဲတွင် Mr. Toshiya Matsuki က လက်ရှိ ဆောင်ရွက်နေသော Urgent Implementation of Telecommunication Network စီမံကိန်း နှင့် ပတ်သက်၍ ရန်ကုန် - နေပြည်တော် - မန္တလေး ဖိုက်ဘာဆက်ကြောင်း တည်ဆောက် ပြီးစီးမှု၊ မိုဘိုင်းရေဒီယိုစခန်း (၁၅) ခု တပ်ဆင် ပြီးစီးမှု အခြေအနေ များအား တင်ပြဆွေးနွေး ခဲ့ပါသည်။ ဆက်လက်၍ Cyber Security နှင့် ပတ်သက်၍ NEC ၏ ကိုယ်ပိုင်နည်းပညာများဖြင့် အစိုးရကဏ္ဍတွင်လည်းကောင်း၊ အများပြည်သူ ကဏ္ဍတွင်လည်းကောင်း လုပ်ဆောင်ပေးနိုင်မည့် Total Security Program များကိုလည်း တင်ပြ ဆွေးနွေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး က မကြာမီ ကျင်းပတော့မည့် SEA Game ပြိုင်ပွဲအတွက် အထောက်အကူပြု စက်ပစ္စည်းများ တပ်ဆင် ပေးခြင်း အတွက် ကျေးဇူးတင်ကြောင်း၊ မိမိတို့ အနေဖြင့် ဆက်သွယ်ရေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆက်လက် ဆောင်ရွက်စရာ များစွာ ရှိနေကြောင်း၊ နည်းပညာပိုင်း၊ ငွေကြေး အရင်းအနှီးပိုင်း၊ လူ့စွမ်းအား အရင်းအမြစ်ပိုင်း တို့တွင် NEC အပါအဝင် နိုင်ငံတကာမှ ပူးပေါင်း ဆောင်ရွက်မှု၊ အကူအညီပေးမှု များကို ကြိုဆိုကြောင်း၊ ဆက်သွယ်ရေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက် လာသည်နှင့် အမျှ ဆက်သွယ်ရေး ကို အခြေခံ သည့် Online Application များလည်း တွင်ကျယ် လာစေရန် အတွက် Cyber Security မှာ လည်း မိမိတို့ အတွက် အရေးတကြီး လိုအပ်နေသော နည်းပညာတစ်ခု ဖြစ်ကြောင်း၊ ထို့ကြောင့် NEC အနေဖြင့်လည်း Cyber Security ပိုင်းဆိုင်ရာကဏ္ဍ တွင် တာဝန်ရှိသူများနှင့် အသေးစိတ် ဆက်လက် ဆွေးနွေး အကောင်အထည် ဖေါ်သွားရန် ပြန်လည်ဆွေးနွေး မှာကြားခဲ့ပါသည်။

တွေ့ဆုံ ဆွေးနွေး မှုကို နေ့လည် (၁၃:၃၀) နာရီ အချိန်တွင် ရပ်နားခဲ့ကြောင်း သတင်းရရှိ ပါသည်။