ရန်ကုန် တိုင်းဒေသကြီး အတွင်း ရှိ ဆက်သွယ်ရေး စခန်းများ ပြည်ထောင်စု ၀န်ကြီး ကြည့်ရှု စစ်ဆေး

ပြည်သူတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာန အနေဖြင့် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ ကျေးလက်နေ ပြည်သူများအား မိုဘိုင်းတယ်လီဖုန်းများ ပိုမိုတွင်ကျယ်စွာ အသုံးပြုနိုင်ရေး အတွက် ဆက်သွယ်ရေး စခန်းများအား ကြည့်ရှု စစ်ဆေးရန် ဧပြီလ (၂၈)ရက်နေ့တွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်း သည် တာဝန်ရှိသူများနှင့် အတူ ရန်ကုန်တိုင်း ဒေသကြီး၊ ခရမ်းမြို့ GSM စခန်းနှင့် အော်တိုအိတ်ချိန်းများ သို့ ရောက်ရှိ စစ်ဆေးခဲ့ပါသည်။

တာဝန်ခံ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ တိုင်းဒေသကြီး မန်နေဂျာနှင့် ခရမ်းမြို့ ဆက်သွယ်ရေး အိတ်ချိန်းတာဝန်ခံ တို့မှ အော်တိုအိတ်ချိန်း အတွင်း တပ်ဆင်ထားရှိသည့် စက်ပစ္စည်းများ၏ လုပ်ငန်း ဆောင်ရွက်ချက်များနှင့် ၀န်ထမ်းများ၏ လုပ်ဆောင်ချက်များအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး မှ စက်များကြံ့ခိုင် ကောင်းမွန်စေရေး၊ ဆက်သွယ်မှုများ မပြတ်တောက်စေရေး၊ အရန်စက်ပစ္စည်းများ တပ်ဆင်ထားရှိရေး မှာကြားခဲ့ပါသည်။ ထို့နောက် ခရမ်းစာတိုက်စခန်းသို့ရောက်ရှိပြီး စာတိုက် တာဝန်ခံ၏ ရှင်းလင်းတင်ပြမှု အပေါ် ပြည်ထောင်စုဝန်ကြီးမှ ပြည်သူများအား ၀န်ဆောင်မှု ပေးသည့်လုပ်ငန်း ဖြစ်သည့် အတွက် စာသိမ်း၊ စာဝေစနစ်များ မှန်ကန်ပြီး စာတိုက်လုပ်ငန်း အပေါ် ပြည်သူမှ ယုံကြည်အားကိုမှု ရှိလာစေရေး ကြိုးစား ဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။

၄င်းမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် သုံးခွမြို့ GSM စခန်း၊ အော်တိုအိတ်ချိန်း စခန်းနှင့် စာတိုက်စခန်းသို့ ရောက်ရှိပြီး တာဝန်ခံ အင်ဂျင်နီယာများ၏ ရှင်းလင်းတင်ပြမှု အပေါ် ပြည်ထောင်စုဝန်ကြီးမှ ဆက်သွယ်မှုများ မပြတ်တောက်စေရေး၊ အဝေးဆက်သွယ်မှု လိုင်းများ အမြဲကောင်းမွန် ရရှိစေရေးတို့အား စေတနာထား၍ ဆောင်ရွက်ကြရန် မှာကြားခဲ့ ပါသည်။

၄င်းမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် သန်လျှင်မြို့နယ်၊ ကရင်ဆိပ် GSM စခန်း၊ သန်လျှင် မြို့ GSM စခန်း၊ အော်တိုအိတ်ချိန်း စခန်းနှင့် စာတိုက်စခန်းသို့ ရောက်ရှိစစ်ဆေးပြီး တာဝန်ခံ အင်ဂျင်နီယာ၏ ရှင်းလင်းတင်ပြမှု အပေါ် ပြည်ထောင်စုဝန်ကြီးမှ မိမိတို့ဌာနသည် ပြည်သူများအား ၀န်ဆောင်မှု ပေးရသည့် ဌာနဖြစ်သည် နှင့်အညီ တာဝန်ယူရသည့် လုပ်ငန်းကဏ္ဍအလိုက် စေတနာထား၍ ရိုးသားစွာ ကြိုးပမ်း ဆောင်ရွက်သွားကြရန်နှင့် ပိုမိုကောင်းမွန်သော မိုဘိုင်းဆက်သွယ်ရေး စနစ်အား ပြည်သူမှ ရရှိသုံးစွဲနိုင်အောင် ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။