E-Government လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ (၁/၂၀၁၆) ကျင်းပပြုလုပ်

မြန်မာနိုင်ငံတွင် e-Government လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက် နိုင်ရေး အတွက် e-Government လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ (၁/၂၀၁၆) ကို နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၌ နိုဝင်ဘာလ (၃) ရက်နေ့ ၀၉:၃၀ နာရီတွင် ကျင်းပပြုလုပ် ခဲ့ပါသည်။
    အဆိုပါ ဆွေးနွေးပွဲသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဒုတိယဝန်ကြီး၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်မှ ကိုယ်စားလှယ်များ ၊ ပြည်သူ့လွှတ်တော် ၊ ပို့ဆောင်ရေး ၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆိုင်ရာ ကော်မတီမှ ကိုယ်စားလှယ်များ ၊ ဌာနဆိုင်ရာများမှ အရာရှိကြီးများ ၊ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ် ဥက္ကဌအဖွဲ့ဝင်များ နှင့် အစိုးရ ဝန်ကြီးဌာန အသီးသီးမှ Chief Information Officer (CIO) များ တက်ရောက် ခဲ့ကြပါသည်။
    ဆွေးနွေးပွဲတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်မှ အဖွင့် အမှာစကား ပြောကြားခဲ့ပြီး ၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ဥက္ကဌ ဦးခွန်ဦးမှ e-Government ဆိုင်ရာ ကိစ္စများအား ရှင်းလင်း တင်ပြခဲ့ပါသည်။ ထို့နောက်     e-Government ဌာန ညွှန်ကြားရေးမှူး ဒေါ်နွယ်နီစိုးရင် မှ Myanmar e-Governance Master Plan 2016 တွင်ပါဝင်သည့် မူဝါဒပိုင်းဆိုင်ရာ ဆောင်ရွက်သွားရမည့် အချက်များ၊ ဖွဲ့စည်းပုံဆိုင်ရာ ဆောင်ရွက်သွားရမည့် အချက်များ ၊ လမ်းပြမြေပုံ (Road Map) လုပ်ငန်းစဉ်အဆင့်များ နှင့်   e-Governance Framework Conceptual Architecture တို့အား ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ ပါသည်။ ဆက်လက်၍ Myanmar National Web Portal အကောင်အထည်ဖေါ်ဆောင်မည့် အစီအစဉ်တို့အား ရှင်းလင်း တင်ပြခဲ့ပါသည်။
    ဆွေးနွေးပွဲအား နိုဝင်ဘာလ (၄) ရက်တွင် ဆက်လက်ကျင်းပခဲ့ရာ၌ ဗဟိုရုံးများ၊ အစိုးရဝန်ကြီးဌာနများ ၏ ကိုယ်စားလှယ် CIO များမှ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ နှင့် ဆောင်ရွက်ရန် e-Government လုပ်ငန်းများအား ရှင်းလင်း ဆွေးနွေးကြပြီး၊ တက်ရောက်လာကြသူများမှ တွေ့ကြုံနေရသည့် အခက်အခဲများ၊ ဆောင်ရွက်သွားသင့်သည့် အချက်များနှင့် ပေါင်းစပ် ညှိနှိုင်းရန် လိုအပ်သည်များအား ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။